ပေါင်၊ နိုဝင်ဘာ ၁၅
ဆောင်းအဝင် အရှေ့လေကျရောက်သည့်ကာလမတိုင်မှီတွင် ပေါင်မြို့နယ်မီးသတ်မှ လေတိုက်ခတ်ချိန် တွင် မီးလောင်မှုမရှိစေရေး မီးဘေးကြိုတင်ကာကွယ်မှုများ ပြုလပ်နေကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
“မီးလောင်မှုမဖြစ်အောင် ကျွန်တော်တို့လုပ်ရမယ့် တာဝန်ပိုင်းကို မလစ်ဟင်းအောင် လူအသင့်၊ စက်အသင့်၊ ဆီအသင့်၊ ရေအသင့်ဖြစ်အောင်လုပ်ထားပါတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေကိုလည်း နေ့စဉ်မနက် (၈) နာရီမှာ လေ့ကျင့်မှုတွေလုပ်ပေးနေပါတယ်။ ပြည်သူဘက်ကလည်း မီးကြွင်းမီးကျန်ကိုဂရုစိုက်ကြပါ။ မီးနဲ့ပတ်သက်ပြီး သတိအမြဲရှိရှိအသိရှိရှိနေထိုင်ဆောင်ရွက်စေလိုပါတယ်”ဟု ပေါင်မြို့နယ်မီးသတ်ဦးစီးမှုး ဦးစိုးကျော်သူ ကပြောသည်။
ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့၏ အစီအစဉ်အရ တပ်ဖွဲ့ဦးစီးမှုး ဦးစိုးကျော်သူ ဦးစီးပြီးသန္ဓေအရံမီးသတ်အဖွဲ့များမှ နိုဝင်ဘာလဆန်းပိုင်းက စတင်ပြီး ရွာစဉ်အလိုက် တစ်ရွာချင်း သွားရောက်ကာပညာပေးလုပ်ငန်းများဆောင်ရွက်နေကြကြောင်းတွေ့ရသည်။
ရပ်/ကျေးများရှိ အုတ်ရေကန်၊ သဘာဝရေကန်များကို မီးလောင်မှုဖြစ်စဉ်ရှိသောအခါ ရေရနိုင်ရန် အခြေအနေစစ်ဆေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် လက်ကမ်းစာစောင်များကို အိမ်ရှင်မများ အများဆုံး လာတတ်သည့် ဈေးတွေတွင် ပေးဝေခြင်း၊ ယာဉ်များစက်များကို အသင့်အနေအထားဖြစ်အောင်စီစဉ်ထားခြင်းစသည့်လုပ်ငန်းများအပြင် နေ့စဉ်ညဦးပိုင်းများတွင် မီးသတိပေး ကြော်ငြာချက်များ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် ၁၉၇၉ခုနှစ်က အရှေ့လေတိုက်ခတ်စဉ် ပေါင်း၊ ကဒါ၊ ကဒုံစီးရပ်ကွက် ၃ခုမှ အိမ်ခြေ ၈၀ ရာခိုင်နှုန်းခန့် မီးလောင်သွားခဲ့ပြီးလွန်ခဲ့သော ၅နှစ်ခန့်ကလည်း ဇင်းကျိုက်တိုးချဲ့ ၃ ရပ်ကွက် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အိမ်ခြေတစ်ရာကျော်မီးလောင်ဆုံးရှုးံခဲ့သည်။
ပေါင်မြို့နယ်တွင် ပုံမှန်အားဖြင့် အရှေ့လေတိုက်ခတ်စဉ် လေတိုက်နှုန်းတစ်နာရီမိုင်(၃၀)ထိရှိတတ်သဖြင့် အထူးဂရုပြုကြရန် မီးသတ်ဌာနက ဆိုသည်။
ပေါင်မြို့နယ်တွင်ယခင်နှစ်က မီးလောင်မှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး၂၀၁၆ခုနှစ်အတွင်း ၄ကြိမ်ဖြစ်ပွားခဲ့ရာ ပေါ့ဆမှုကြောင့်မီးလောင်မှုအများဆုံးဖြစ်ကြောင်းမီးသတ်ဌာနက ထုတ်ပြန်ထားသည်။
ပေါင်မြို့နယ်အတွင်း မီးသတ်ကားရှိသည့်ရွာ ၈ ရွာရှိနေပြီး ပေါင်မြို့နယ်မီးသတ်ဌာနတွင် မီးသတ်ယာဉ်သုံးစီး၊ ရေသယ်ယာဉ်တစ်စီးရှိကာ သန္ဒေမီးသတ်အင်အား ၂၄ ဦးနှင့် အရံမီးသတ်အင်အား (၈၁၁) ဦး ဖွဲ့စည်း ထားပြီး မီးဘေးကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်နေကြောင်း ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
သတင်း – ဝရဇိန် (ပေါင်)