သထုံ၊ နိုဝင်ဘာ ၁၇
ခိုးမှုသံသယဖြင့် ဖမ်းဆီးထားသူအား အသက်သေဆုံးသည်အထိ စစ်ဆေးခဲ့သည့် သထုံခရိုင် ရဲတပ်ဖွဲ့ မှုးရုံးမှ ဒုရဲအုပ် လှိုင်ဝင်းထွန်း အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦးကို လူသတ်မှုဖြင့် တရားစွဲဆိုထားသည့်အမှုအား နိုဝင်ဘာ ၂၃ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်သွားမည် ဖြစ်ကြောင်း သထုံခရိုင် တရားရုံးထံမှ သိရသည်။
သထုံခရိုင် တရားရုံးတွင် ရုံးချိန်းပေါင်း ၃ဝ ချိန်းဆိုစစ်ဆေးခဲ့ပြီးနောက် နိုဝင်ဘာ ၁၅ ရက်နေ့က အပြီး သတ်လျောက်လဲချက်အား နှစ်ဘက် ကြားနာပြီး ခရိုင်တရားသူကြီးမှ ယခုကဲ့သို့ အမိန့်ချမှတ်မည့် နေ့ရက်ကို ချိန်းဆိုလိုက်ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် မတ် ၂ ရက်က မွန်ပြည်နယ် သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ ချမ်းမြေ့တည်းခိုခန်းတွင် ငွေ ကျပ်သိန်း (၁၁၀) ကျော် ပျောက်ဆုံးမှု သံသယဖြင့် အချုပ်အနှောင်ခံထားရသည့် တည်းခိုခန်းမန်နေဂျာ ကိုကျော်သက်အောင်အား ခရိုင်မှုခင်း အကူဌာနမှ ရဲများက သထုံမြို့မ ရဲစခန်းအချုပ်ခန်းမှ ထုတ်ယူပြီး စစ်ဆေး စဉ် နံရိုး ၃ ချောင်း ကျိုးပြီး၊ အသည်း ပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း ခရိုင်ဆေးရုံ၏ ဆေးမှတ်တမ်းအရ သိရသည်။
အဆိုပါအမှုကို တရားလိုဘက်မှ လိုက်ပါနေသူ ခရိုင်ဥပဒေအရာရှိ ဦးတင်မောင် က “တရားခံတွေ ဘက်က ရှေ့နေတွေက သူတို့ရဲ့ အမှုသည်တွေက အခင်းဖြစ်စဉ်မှာ သူတို့ဟာ အခင်းဖြစ်တဲ့ နေရာမှာ မရှိကြ ဘူး။ တရားလိုဘက်က သက်သေခံဥပဒေအရ သက်သေခိုင်ခိုင်လုံလုံ မပြနိုင်ဘူး ဆိုပြီး လွှတ်ပေးဖို့ လျောက် လဲချက် ပေးကြတယ်။ ကျွန်တော့်ဘက်ကတော့ သူတို့ရဲစခန်း အချုပ်ထဲကနေ ကိုကျော်သက်အောင် ကို ထုတ်ယူသွားတာ ရဲစခန်း မှတ်ပုံတင် ၄ မှာ ဖော်ပြထားတယ်။ သူတို့ စစ်ဆေးပြီး ညနေပိုင်းကျတော့ ကိုကျော် သက်အောင်ရဲ့ အလောင်းကို ဆေးရုံပို့ထားတာ ထင်ရှားနေကြောင်း၊ ကိုကျော်သက်အောင် သေဆုံးမှုက အဲဒီရဲ ၇ ယောက်ရဲ့ ပယောဂကြောင့် သေတာ ထင်ရှားနေကြောင်း လျောက်လဲချက် ပေးထားပါတယ်” ဟု သံလွင် တိုင်းမ်သို့ ပြောသည်။
လူသေဆုံးအောင်စစ်ဆေးသော သထုံခရိုင်မှုခင်းအကူဌာနမှ ဒုရဲအုပ် လှိုင်ဝင်းထွန်း၊ ဝင်းညွန့်၊ စိုးအောင်၊ ဉာဏ်စိုး၊ ကိုကိုဆွေ၊ အောင်ကိုလတ်နှင့် သထုံမြို့မ ရဲစခန်းမှ တပ်ကြပ်တင်ထွေး တို့အား ယခုနှစ် မတ်လ၂၁ ရက်နေ့တွင် သထုံမြို့မစခန်းမှူး ဒုတိယရဲမှူး ထွန်းသိန်းက တရားလိုပြုလုပ်၍ လူသတ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ပြီး၊ သထုံခရိုင် တရားရုံးသို့ စွဲဆိုတင်ပို့ခဲ့သဖြင့် ၂ဝ၁၆ ခုနှစ် ရာဇဝတ်ကြီးမှု အမှတ် ၁၆ ဖြင့် တရားလိုနှင့် လိုပြသက်သေများကို စစ်ဆေးကာ ဒုရဲအုပ် လှိုင်ဝင်းထွန်း ပါ ၇ ဦးလုံးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃ဝ၂ (၂) ဖြင့် စွဲချက်တင်ခဲ့သည်။
တရားခံဟု သတ်မှတ်ခံထားရသူများဘက်မှ ထိုစွဲချက်ကို မွန်ပြည်နယ် တရားလွှတ်တော်သို့ အယူခံ တင်သွင်းခဲ့သော်လည်း ပလပ်ခြင်း ခံခဲ့ရသည်ဟု သိရသည်။
သတင်း – ဝရဇိန် (ပေါင်)