မော်လမြိုင်၊ အောက်တိုဘာ ၂၆
မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ သံလွင်ဈေးတွင် ငါးညီနံ့ှများရရှိနေပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေသောကြောင့် ကျောက်တန်းစက်ရုံစုနယ်မြေအတွင်း ပြောင်းရွှေ့နေရာချထားပေးမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ်မှ လွှတ်တော်တွင် အတည်ပြုဖြေကြားပေးပြီးနောက်ပိုင်း ယင်းသို့ ပြောင်းရွှေ့ရပါက အခက်ခဲများစွာ
ဖြစ်ပေါ်နိုင်ပြီး ငါးဒိုင်လုပ်ငန်းများပါ ပျက်စီးသွားနိုင်ကြောင်း အဆိုပါဈေးရှိ ငါး၊ပုဇွန်ဒိုင်များမှ သံလွင်တိုင်းမ်သို့ ပြောကြားသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ညွှန်ကြားမှုများနှင့် အညီ ရောင်းချခဲ့ခြင်းဖြစ်ပြီး ပြောင်းရွှေ့ရမည်ဆို သောကြောင့် ပူပင်သောက ရောက်နေရကြောင်း အဆိုပါဈေးမှ ငါးဒိုင် လုပ်ငန်းရှင် တစ်ဦးမှ ပြောကြားသည်။
“ကျောက်တန်းဆိုတာက နယ်မြေကလည်း ကောင်းတာမဟုတ်ဘူး။ သွားဖို့လာဖို့ လမ်းပန်းဆက် သွယ်ရေးလည်းခက်ခဲတယ်/ အထိုင်လေးကျနေမှ ပြောင်းရမယ်ဆိုတော့ ဒုက္ခရောက်တာပေါ့” ဟု သံလွင်ဈေးရှိ ရုံသစ်ငါးဒိုင်မှ ဒေါ်အေးသန်းက သံလွင်တိုင်းမ်သို့ ပြောသည်။
ဈေးပုံစံအနေဖြင့် ဈေးနှင့် ညီညွတ်မှုဖြစ်စေရန် စည်ပင်၏ ညွှန်ကြားမှုကို လိုက်နာသွားမှာဖြစ်ပြီး ကျောက်တန်းဘက်သို့ မပြောင်းရွှေ့လိုကြောင်း ၎င်းကပြောသည်။
“ပြောင်းရွှေ့ပြီးတော့ ဖောက်သည်တွေက မလာရင် အန်တီတို့အတွက် အဆင်မပြေဘူး အန်တီတို့ အလုပ်သမားတွေလည်း အဲ့ဒီဘက်ကိုမသွားနိုင်သလို ဝယ်သမားတွေလည်းမသွားနိုင်ဘူး အဲ့တော့ ဒိုင်ကြီး ပျက်သွာ:ဖို့ပဲ ရှိတော့တယ် ဈေးဒိုင်ဆိုတာ လူသူများတဲ့ နေရာမှာမှ အဆင်ပြေတာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ကျောက်တန်းဘက်ကို ပြောင်းရွှေ့ရမည့် အစား အနောက်ကမ်းနားဘက်နှင့်် မီးလောင်ပြင်နေရာ (သို့မဟုတ်) အမှတ်(၁) ဈေးမှ မြေနေရာများကို ပြောင်းရွှေ့ခွင့်ပေးစေလိုကြောင်း တောင်းဆိုထားကြကြောင်း သိရသည်။
ငါးဒိုင်များ မပြောင်းရွှေ့စေရေး စုပေါင်းလက်မှတ်ထိုးပြီး သက်ဆိုင်ရာ ဌာနသို့ စာတင်ထားသော်လည်း ယခုအချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိသေးကြောင်း အများဆန္ဒကို ပြန်လည်စဉ်းစားပေးစေလိုကြောင်း နေလင်းအောင် ငါးဒိုင်မှ ဆိုင်ရှင် ကိုနေလင်းအောင်က ပြောသည်။
“ဝန်ကြီးချုပ်ကို တိုင်တာက အယောက် (၂၀) နဲ့တိုင်တယ်။ ဒီလက်မှတ်ကိုကျတော့ အတည်ပြု လိုက် တယ် ကန်တော်တို့ ငါးဒိုင် (၁၃)ဒိုင်နဲ့ တခြား အဝတ်အထည်ဆိုင်တွေကပါ မပြောင်းရွှေ့ရေးကို အယောက် (၈၀) လောက် စုပေါင်းလက်မှတ်ထိုးပြီး တောင်းဆိုတာကျတော့ ပြန်မကြည့်ပေးဘူး။ အများဆန္ဒကို သူတို့ မလုပ်ပေးဘူး။ သူတို့ အစည်းအဝေးခေါ်တာ (၁၀) ရက်နေ့က ပေါ့ တစ်ပတ်အချိန်ပေးတယ်တဲ့ ။ တစ်ပတ် မပြည့်လိုက်ဘူး (၁၂) ရက်နေ့ကျတော့ အတည်ပြုလိုက်ပြီဆိုတော့ အစည်းအဝေးက အလကားပဲပေါ့ ကျွန် တော်တို့ဘက်က ဘာမှ ပြောပြခွင့်မရှိဘူး” ဟု ၎င်းက ပြောသည်။
အဆိုပါ ဈေးမှ ထွက်ရှိလာသောငါးညှီနံ့များကြောင့် ရပ်ကွက်နေပြည်သူများ ကျန်းမာရေးထိခိုက်မှု များ နှင့် ကြုံတွေ့နေရခြင်းကြောင့် ပြောင်းရွှေ့ပေးရန် သထုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင် ကျော်သူက မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် စက်တင်ဘာလ (၁၀) ရက်နေ့က အဆိုတင်သွင်း မေးမြန်းခဲ့ပြီး ထိုဈေးမှ ငါးဒိုင်များကို ကျောင်းတန်းစက်ရုံစုဘက်သို့ ပြောင်းရွှေ့ပေးမည်ဟု မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ကဖြေကြားပေးခဲ့သည်။
သတင်းနှင့် ဓာတ်ပုံ -TU Arkar Min