ပေါင်၊ စက်တင်ဘာ၂၀

ပေါင်မြို့နယ်တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရာ၌ ပိုင်ဆိုင်မှုစာချုပ်များတောင်းခံနေခြင်းကြောင့် အိမ်ထောင်စုစာရင်းပြုလုပ်သူ ပြည်သူအချို့အခက်တွေ့နေကြောင်း သိရသည်။

အစိုးရသစ်လက်ထက် ရက်တစ်ရာစီမံချက်အရ အိမ်ထောင်စုစာရင်းများကို ဆောင်ရွက်ပေးနေခဲ့သော် လည်း အိမ်နှင့်ခြံမြေပိုင်ဆိုင်မှု စာချုပ်ကို မြို့နယ် လဝက ဌာနက တောင်းခံနေမှုကြောင့်ပေါင်မြို့နယ် မှ ပြည်သူ အချို့အခက်အခဲများဖြစ်နေကြောင်းနှင့် မြို့နယ်အုပ်ချုပ်ရေးဌာနက ကြားဝင်ဖြေရှင်းပေးခဲ့ကြောင်းသိရသည်။

“မိဘပိုင်ခြံထဲမှာအိမ်ခွဲနေတယ်။ အမွေမခွဲရသေးတဲ့ အခါကျတော့ အရောင်းစာချုပ်မရှိကြဘူး။ လ၀ က ဝန်ထမ်းတွေက အရောင်းအဝယ် စာချုပ်ရှိမှရမယ်ဆိုပြီး တောင်းတယ်။ ကျွန်တော်တို့ဆီက အိုးအိမ်ခွဲ ဖြစ် ကြောင်းထောက်ခံချက်ပေးထားတာတောင်လက်မခံဘူး “ဟု ကျခတ်ငူကျေးရွာအုပ်ချုပ်ရေးမှုး ဦးအောင်မိုး က ပြောသည်။

ပေါင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအနေဖြင့် ခြံဝင်းအတွင်း၌ပင် မိမိတို့၏ အိမ်ထောင်ခွဲ သားသမီးများကိုအိမ်ဆောက်နေထိုင်စေတတ်သော ဓလေ့အရ ခြံမြေအရောင်းစာချုပ် ပြုလုပ်ထားကြခြင်းမရှိ ကြောင်း သိရသည်။

လဝကဌာနမှ အိမ်ထောင်စုစာရင်းနှင့် ပတ်သက်ပြီး သတိပြုလိုက်နာရမည့် အချက် (၆)ချက်သတ်မှတ် ထုတ်ပြန်ထားပြီး သီးခြားအိမ်ထောင်စုခွဲထွက်ခြင်းနှင့် ပတ်သက်၍ အချက် (၅)ချက် သတ်မှတ် ထုတ်ပြန်ထားခဲ့ ရာ “အိုးခွဲ ၊အခန်းခွဲ၊ ခေါင်ခွဲ၊ စီးပွားခွဲ” စသည့် ခွဲ(၄)ခွဲ နှင့် ညီညွတ်ရမည့်အချက်လည်းပါဝင်နေသည်။

အိမ်ထောင်စုစာရင်းမှခွဲထွက်ရန် ပေါင်မြို့နယ် လဝက ရုံးသို့ လာရောက်ပြုလုပ်ကြသူများထံမှ အိမ်နှင့် ခြံ ပိုင်ဆိုင်သည့် စာချုပ်တောင်းခံနေသဖြင့် အဆင်မပြေမှုများ ဖြစ်နေကြသဖြင့် မြို့နယ်အုပ်ချုပ်ရေးမှုရုံးသို့ လာရောက်တင်ပြခြင်းများရှိနေကြောင်းလည်း သိရသည်။

ထိုသို့တင်ပြချက်များနှင့်ပတ်သက်ပြီး ပေါင်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးမောင်မောင်နိုင်က စက်တင်ဘာ (၁၅) ရက်နေ့လပတ်အစည်းအဝေးတွင် ဖြေရှင်းပေးချက်အရ “ကျေးရွာအုပ်ရေးမှုးထောက်ခံချက်အရ အိမ်ခွဲ နေထိုင်ကြောင်း ထောက်ခံချက်ပါလျှင် ထုတ်ပေးပါ။ ပိုင်ဆိုင်မှုစာချုပ်တောင်းတဲ့ ဝန်ထမ်းအမည်နဲ့ ရာထူးကို မှတ်သားပြီးလာတိုင်ကြ”ဟု ပြောဆိုခဲ့သည်။

“တစ်အိမ်ထဲမှာနေပြီး အိမ်ထောင်စု စာရင်းခွဲဖို့ လာလျှောက်တဲ့ကိစ္စတွေ ရှိလို့ စီစစ်ရတဲ့သဘောပါ။ အခုတော့ ကျေးရွာအုပ်ချုပ်ရေးမှုးထောက်ခံချက်ပါရင်လုပ်ပေးဖို့ပြောထားပါတယ်“ ဟု ပေါင်မြို့နယ်လဝကမှ ဦးစိးအရာရှိတစ်ဦးက ပြောသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.