ပေါင်၊ ဇူလိုင် ၃

ချောင်းနေရာကို ပိတ်ပြီး လူနေအိမ်ဆောက်လုပ်ထားသော ပေါင်မြို့နယ်၊ ဇင်းကျိုက်မြို့၊ ဆားဖိုစုရပ် ကွက်အောက်ပိုင်းနေရာသို့ ဇူလိုင်လ(၃)ရက်နေ့က မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးမှ လာရောက်ကြည့်ရှု ခဲ့ကြောင်း သတင်းရရှိပါသည်။
mon-state-hlute-daw

ချောင်းတစ်ခုကို အိမ်တစ်လုံးက မြေဖို့ပိတ်ဆို့ကာဆောက်လုပ်ထားပြီး ၎င်း၏ရှေ့၌ အိမ်တစ်လုံးက ကွန်ကရိတိုင်များပြုလုပ်ထားကာ အခြားအိမ်တစ်လုံးက ချောင်းထဲသို့ သုံးပုံ နှစ်ပုံခန့်ကျုးကျော်ဆောက်လုပ်ထားကြောင်းတွေ့ရပြီး ချောင်းကိုအောက်ခြေမှပိတ်ထားသဖြင့်၊ တောင်ကျရေများစီးဆင်းနိုင်မှုမရှိတော့ပဲရပ်ကွက်အတွင်းပြန့်ကျဲ ဝင်ရောက်ကာရေလျှံမှုဖြစ်နေခြင်းလည်းဖြစ်သည်။

အဆိုပါ အခြေအနေကို ပေါင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ်တွင် ဒေသခံ များက ယခုလို တင်ပြခဲ့ကြသည်။

“ယခင်အုပ်ချုပ်ရေးမှုး ရောင်းထားတာလို့သိရပါတယ်။ ချောင်းပေါ်မှာအိမ်ဆောက်လိုက်ကြတော့ မိုးရွာရင် နှစ်တိုင်းရေကြီးနေရတဲ့ဒုက္ခကို ကူညီဖြေရှင်းပေးစေလိုပါတယ်”ဟု ဇွန်၂၆ရက်နေ့က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မိကွန်ချမ်းနှင့် တွေ့ဆုံစဉ် ဦးဇော်မင်းမှ တင်ပြပြောဆိုခဲ့သည်။

ဆားဖိုစုရပ်ကွက်၌ ကျေးရွာပိုင် မြေနေရာ၊အများအပြားကို အုပ်ချုပ်သူအဆက်ဆက်မှ ရောင်းစားခဲ့ကြ သည့်အပြင် ယခုကဲ့သို့ချောင်းကိုပိတ်၍အိမ်ဆောက်ခွင့်ပြုသည့်ကိစ္စကိုမူ ပြည်သူအများကဝေဖန်ကန့်ကွက်နေကြသည်။

“အရင်အုပ်ချုပ်ရေးမှုး ဦးသန်းမြင့်လက်ထက်ကရောင်းသွားတာပါ။ အခုအိမ်ဆောက်ထားတဲ့သူတွေက ဦးချစ်သိန်းနဲ့ သူ့ညီဖြစ်တဲ့သူတွေပါ။ ရောင်းထားတာတော့အများကြီးပဲ”ဟု လက်ရှိ ဆားဖိုစုရပ်ကွက်နယ်မြေ (၃) ရပ်ကွက်မှုး ဦးလှထွန်းကသံလွင်တိုင်းမ်သို့ပြောသည်။

ပြည်သူများနှင့်တွေ့ဆုံခဲ့စဉ် သိရသမျှနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မိကွန်ချမ်းမှ ပြည်နယ်ဝန်ကြီးချုပ်အား ဆက်လက်တင်ပြမှုခြင်းအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးနှင့်ပေါင်မြို့နယ်အုပ်ချုပ်ရေးမှုးဦးမောင်မောင်နိုင်၊ လွှတ်တော်ကိုယ်စားလှယ်များစုပေါင်းလာရောက်ကာစစ်ဆေးကြည့်ရှုပြီး ချောင်းပေါ်တွင် ပိတ်ဆို့ပြီးလူနေအိမ်ဆောက်လုပ်ထားခြင်းကိစ္စအား မြေစာရင်းဌာနနှင့်တိုင်းတာပြီးအခြေအနေ ကိုပြန်လည်တင်ပြရန်ပြည်နယ်ဝန်ကြီးချုပ်မှ လမ်းညွှန်ခဲ့ကြောင်း သိရသည်။

သတင်း – ဝရဇိန် (ပေါင်)