မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တို့သည် မဲပေးပုံ ပေးနည်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများ သေချာ နားမလည်ထားသည့်အတွက် ရွေးကောက်ပွဲရက်တွင် ဆန္ဒမဲပေးရန် စိတ်ဝင်စားမှု နည်းပါးနိုင်သည်ဟု ဒေသခံတွေက သုံးသပ်ပြောဆိုနေကြသည်။
“ကျေးရွာနေ သာမန်လူတန်းစား အများစုက လွှတ်တော်ဆိုသာ ဘာမှန်းတောင် မသိသေးသည့် အခြေအနေမှာရှိနေကြတယ်၊ ” ဟု ကွမ်တုံလူငယ်ရိပ်သာနှင့် စာကြည့်တိုက် ဒုဥက္ကဌ(၁) ဦးကျော်ဇေယျာဦးက ပြောသည်။
၎င်းပြင် မဲဆန္ဒရှင်တို့က မဲပေးရမည်ကိုလည်း မဝံ့မရဲဖြစ်နေကြသလို မဲပေးခြင်းထက် တစ်နေ့ဝင်ငွေရရှိရေးနှင့် စားဝတ်နေရေး အတွက်သာ စိတ်ဝင်စားနေကြသည်ဟုလည်း သိရသည်။
“ကျနော်ကတော့ မဲပေးဖို့ စိတ်ကိုမဝင်စားဘူး၊ အလုပ်တစ်ရက်ပျက်ရင် တစ်ရက်နစ်နာတယ်၊ နောက်ပြီးအလုပ်ရှင်ရဲ့မျက်နှာလည်း ကြည့်ရသေးတယ်လေ၊ သူကမဲသွားထည့်ဖို့ အလုပ်ပျက်ခိုင်းလျှင်ဒါမှ မဟုတ်အဲဒီနေ့အလုပ်ပိတ်လိုက်ယင်တောင် မဲပေးဖြစ်မှာမဟုတ်ဘူး” ဟု အသက် ၄၅ နှစ်အရွယ်ရှိ လက်သမား ဦးသန်းမြင့်က ပြောသည်။
အသက် ၁၈ နှစ်အရွယ် ကိုသက်ပိုင်ဦးကလည်း “ရွေးကောက်ပွဲဆိုသာ ဘာမှန်းမသိဘူး၊ မဲပေးခွင့်ရမယ် ဆိုသာတောင် မဲသွားပေးနိင်မှာမဟုတ်ဘူး၊ စိတ်ရှုပ်လို့၊ သူတို့နေရာရဖို့ ကိုယ်ကမဲပေးရမယ်၊ နောက်ဆုံး သူတို့ဘဲ အခန့်သား အကျိုးခံစားခွင့်တွေရ မဲပေးခဲ့တဲ့သူတွေကိုတောင် လှည့်မကြည့်ဘူး”
မုဒုံမြို့နယ်တွင် ထွေ/အုပ်စာရင်းအရ ၂၀၁၅ ခုနှစ် အောက်တိုဘာ လကုန်ထိ လူဦးရေစုစုပေါင်း ၁၈၁၂၃ ဦးရှိကာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၁၆၅၃၇၆ ဦးရှိပြီး မဲရုံ ၁၀၂ ရုံဖြင့် နိင်ငံရေးပါတီ ၈ ပါတီမှ ကိုယ်စားလှယ်လောင်း ၂၅ ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း တစ်ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။