မွန်ပြည်နယ်တွင် သုံးရက်အတွင်း၌ လွှတ်တော်သုံးရပ်နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များအတွက် ကြိုတင်မဲပေးသူ ၃၅၀၀ ဦးကျော်ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းဇယားအရ သိရသည်။
ကြိုတင်မဲ စတင်ပေးရမည့် အောက်တိုဘာ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်အတွက် ကြိုတင်မဲပေးသူ ၃၀၅၃ ဦးရှိပြီး ဗမာတိုင်းရင်းသားအတွက် ၃၈၀ ဦး၊ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်အတွက် ၁၅၂ ဦးနှင့်  ပအိုဝ်းတိုင်းရင်းသား ကိုယ်စားလှယ်အတွက်  ၁၅ ဦးရှိသည်။
သုံးရက်အတွင်း ပြည်နယ်အလိုက် ကြိုတင်မဲပေးသူ စာရင်းပေးသူများ စာရင်းတွင် ကျိုက်မရောမြို့နယ်သည် အများဆုံး ပြည်နယ်ဖြစ်ပြီး ကြိုတင်မဲပေးသူ ၁၁၀၀ ကျော်ရှိသည်ဟု ပြည်နယ်ကော်မရှင်စာရင်းတွင် ဖော်ပြထားသည်။
ကြိုတင်မဲပေးရမည့် ၅ ရက်မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၂ ရက်နေ့ထိ ကြိုတင်မဲပေးသူ နည်းပါးကြောင်း အချို့ ရပ်ကွက် ကျေးရွာကော်မရှင် အခွဲရုံးတို့တွင် ကြိုတင်မဲလာပေးသူ တဦးမျှ မရှိသေးသည့် ရုံးများလည်း ရှိသည်ဟု မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်/ကျေးကော်မရှင်ရုံးတို့ထံမှ သိရသည်။
“ကျနော်တို့ဆီမှာက ပြည်ပက ကြိုင်တင်မဲပေးတဲ့လူက ၆ ယောက်ရှိတယ်၊ ရပ်/ကျေးရုံးမှာ လာပေးတဲ့ ကြိုတင်မဲကတော့ ၂ ယောက်ဘဲရှိသေးတယ်၊ ၆ ရက် ၇ ရက်နေ့ကျရင်တော့ လာပေးတဲ့လူများမယ်ထင်တယ်” ဟု မော်လမြိုင်မြို့ မန္တလေးရပ်ကွက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းသန်းက ပြောသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်မှာတော့ ပုံစံ (၁-၁) ဖြင့် ကြိုတင်မဲပေးရမည့်သူ ၆၇ ဦး၊ ပုံစံ (၁-၂) တွင် ၉၂၁ ဦးနှင့် ပုံစံ (၁-၃) ဖြင့် ကြိုတင်မဲပေးရမည့်သူ ၃၀၃ ဦး ရှိသည်ဟု မြို့နယ်ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။
မော်လမြိုင်မြို့ ရွှေတောင်ရပ်/ကျေး ကော်မရှင်ဥက္ကဌကလည်း “၂ ရက်နေ့ထိ ကျနော်တို့မှာ ကြိုတင်မဲ လာထည့်တာ တယောက်မှ မရှိသေးဘူး၊ ကြိုတင်မဲ လာထည့်ကြဖို့တော့ နှိုးဆော်ထားပါတယ်” ဟု ပြောသည်။
ပုံစံ(၁-၁) သည် ပြည်တွင်းရှိ သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေးရန် တောင်းဆိုထားသည့် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့တက် အတွင်းလူနာများ ဖြစ်ပြီး၊ ပုံစံ(၁-၂) သည် သက်ဆိုင်ရာ မဲဆန္ဒနယ်ပြင်ပ ရောက်နေသည့် ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ တပ်မတော်သားများနှင့်အတူနေ အိမ်ထောင်စုဝင်များနှင့် ပုံစံ(၁-၃) သည်  ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေးရန် တောင်းဆိုထားသည့် နိုင်ငံပြင်ပရှိ သက်ဆိုင်ရာ မဲဆန္ဒနယ် ပြင်ပရောက် အစိုးရ ခွင့်ပြုချက်နှင့် ရောက်နေသူများ၏ ကြိုတင်မဲများဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.