နေပြည်တော်၊ ဧပြီ ၁၁

သူအနေနဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA လမ်းကြောင်းကို မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ ရွေးကောက်ပွဲ ဝင်မပြိုင်ဘဲ သမ္မတ ဖြစ်လာတဲ့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မနေ့ ဧပြီ ၁၀ ရက်နေ့မှာ သမ္မတဖြစ်တဲ့ ဦးမင်းအောင်လှိုင်က နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်တွေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေ၊ တိုင်းနဲပြည်နယ်ဝန်ကြီးချုပ်တွေ၊ ဒုတိယဝန်ကြီးတွေကို မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။

သမ္မတ ဦးမင်းအောင်လှိုင်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုတွေအပေါ် မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိဘဲ လွဲမှားတဲ့အတွေးအခေါ် အယူအဆတွေနဲ့ ပြည်တွင်းပြည်ပ အဖျက်အမှောင့်ပယောဂတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ နိုင်ငံအနှံ့မှာ ဖြစ်ပေါ်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီအပေါ်မှာ စိတ်သဘောထားမမှန်တဲ့ တချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ပွဲလန့်တုန်းဖျာခင်း၊ မီးလောင်ရာလေပင့်လုပ်ပြီး နိုင်ငံကို ဆင်းရဲဒုက္ခတွင်းထဲ ရောက်အောင် နည်းမျိုးစုံလုပ်ကြံဖျက်ဆီးခဲ့ကြတယ်လို့ စွပ်စွဲထားပါတယ်။

အခုလို ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ သိရှိလက်ခံကြဖို့နဲ့ နိုင်ငံနဲ့ပြည်သူရဲ့အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကိုအချိန်မီပြုပြင်ကြဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆူပူအကြမ်းဖက်မှု ကျူးလွန်နေကြသူတွေအနေနဲ့လည်း အမှန်နဲ့အမှား၊ အကောင်းနဲ့အဆိုး၊ အကျိုးနဲ့အပြစ်ကို သေသေချာချာ စဉ်းစားသုံးသပ်ပြီး နိုင်ငံ့နဲ့ပြည်သူအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပါတယ်။

သမ္မတ ဦးမင်းအောင်လှိုင်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံ ပြဿာနကို အားလုံးဆွေးနွေးညှိနှိုင်းအဖြေရှာပြီး စုစည်းညီညွတ်မှု အင်သစ်အားသစ်တွေနဲ့ နိုင်ငံသစ်ကို တက်ညီလက်ညီ တည်ဆောက်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.