မုဒုံ၊ ဧပြီ ၇

မွန်ပြည်နယ် မုဒုံမြို့နယ် ရောင်းဒေါင်းကျေးရွာ ပြည်ထောင်စုလမ်းပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် တစ်ဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ရောင်းဒေါင်းနဲ့ကွမ်လှာကျေးရွာကြားရှိ ဇရပ်တစ်ခုမှာ တပ်ချထားတဲ့ စစ်ကော်မရှင်တပ်ကို ရာမညမွန်တပ်တော် RMA က ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ အချိန် မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုဟာ ရောင်းဒေါင်းနဲ့ကွမ်လှာကျေးရွာကြားမှာ စစ်ကော်မရှင်ဘက်က ကင်းပုန်းလာဝပ်မယ်ဆိုတဲ့ သတင်းကြောင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး RMA တပ်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ အဲဒီတပ်ရဲ့ ပြောခွင့်ရ နိုင်ကောင်းစကားက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း သံဖြူဇရပ်မြို့နယ်ကနေ မော်လမြိုင်မြို့ထံ ငပိတွေ သယ်ဆောင်လာတဲ့ ကုန်တင်ယာဉ်မောင်း တစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတာ ဖြစ်ပါတယ်။

နိုင်ကောင်းစကားကတော့ ပစ်ခတ်မှုအတွင်း သေဆုံးသွားတဲ့ ကုန်တင်ယာဉ်မောင်းဟာ စစ်ကော် မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတာလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကော်မရှင်တပ်က ကင်းပုန်းမဝပ်ဘဲ တပ်ပြန်ဆုတ်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-RMA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.