မြဝတီ၊ ဧပြီ ၁

တိုက်ပွဲကြောင့် နှစ်အတန်ကြာ ပိတ်ထားခဲ့ရတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို မနက်ဖြန် ဧပြီ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်သွားမယ်လို့ ကရင်ပြည်နယ် စစ်ကော်မရှင်က အသိပေးထားပါတယ်။

ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းဖွင့်ပွဲကို ဧပြီ ၂ ရက်နေ့မှာ ဘားအံမြို့နယ် တံတားဦးကျေးရွာမှာ ကျင်းပပြုလုပ်သွားမှာဖြစ်တဲ့အတွက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအားလုံးအနေနဲ့ လမ်းဖွင့်ပွဲကို မပျက်မကွက်တက်ရောက်ဖို့ ညွှန်ကြားထားပါတယ်။

မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ စစ်ကော်မရှင်က ကြေညာထားပေမယ့် အခုလက်ရှိအချိန်အထိတော့ မြဝတီမြို့ကနေ သင်္ဃန်းညီနောင်အထိသာ သွားလာလို့ရပြီး မနက်ဖြန်မှာ အာရှလမ်းပြန်ဖွင့်မဖွင့်ကို စောင့်ကြည့်ရဦးမယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ အမှတ် ၂ ချစ်ကြည်ရေးတံတား လောလောဆယ်မှာ ပြန်လည်ဖွင့်လှစ်ဖို့ မကြားရသေးဘဲ အာရှလမ်းအရင်ဖွင့်ပြီးမှသာ အမှတ် ၂ တံတားကို ဆက်ဖွင့်သွားမှာဖြစ်တယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။

တိုက်ပွဲကြောင့် အာရှလမ်းပိတ်ထားခဲ့ရတဲ့ ၂ နှစ်ကြာအချိန်အတွင်း ပြည်သူတွေဟာ သွားလာရေး သယ်ယူပို့ဆောင်ရေးနဲ့ ကုန်စည်ကူးသန်းရေးအတွက် ကော့ကရိတ်မြောက်ပိုင်းက ကရင်နယ်ခြားစောင့်တပ် BGFနဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ တောင်ပေါ်လမ်းကြမ်းတွေမှာ ဂိတ်ကြေးများစွာကို ငွေကြေးအဆမတန်ပေးခဲ့ရပြီး ကုန်ကျစရိတ်များပြားစွာရှိခဲ့တာပါ။

ဒေသခံပြည်သူတွေကတော့ လက်ရှိ စက်သုံးဆီအကြပ်အတည်းကာလမှာ အာရှလမ်းပြန်လည်ဖွင့်လှစ်မှာကို ကြိုဆိုကြပြီး လမ်းပေါ်မှာ ငွေကြေးကောက်ခံတဲ့ဂိတ်တွေ မထားရှိဖို့လည်း ဆန္ဒရှိနေပါတယ်။

စစ်ကော်မရှင်က အာရှလမ်းကို ပြန်လည်ဖွင့်လှစ်ဖို့ ကြေညာထားပေမယ့် အာရှလမ်းမကြီးရဲ့ အနောက်မြောက်ဘက်မှာရှိပြီး ကော့ကရိတ်မြို့မြောက်ပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲတွေဟာ မတ်လကုန်ပိုင်းအထိ အပြင်းအထန်ဆက်ဖြစ်နေတာပါ။

အာရှလမ်းမနဲ့ မနီးမဝေးမှာရှိတဲ့ ကော့ကရိတ်မြောက်ပိုင်းက ကျေးရွာတွေအပြင် ကော့ကရိတ်တောင်ပိုင်းက ကျေးရွာတွေအပေါ် စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ဒရုန်းတွေနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတာကြောင့် ဘုန်းကြီးကျောင်းနဲ့ ဒေသခံတွေရဲ့ အိမ်တွေ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.