သထုံ၊ မတ် ၂၀
မွန်ပြည်နယ် သထုံမြို့နယ်မှာ စစ်ကော်မရှင်ပူးပေါင်းအဖွဲ့တွေက ဒေသခံလူငယ်တွေအပေါ် ပေါ်တာဆွဲဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသခံလူငယ်တွေကို မတရားဖမ်းဆီးပြီး ငွေညှစ်နေမှုကို သထုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဆန်းဝင်းအောင်၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ပြည်သူစစ်ခေါင်းဆောင် ဖိုးထူးတို့က ဦးဆောင်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။
မြို့ခံတွေရဲ့ ပြောပြချက်အရ အခုလအတွင်း သထုံမြို့နယ်ထဲမှာ လူငယ် ၃၀ ထက်မနည်း ပေါ်ဆွဲတာ ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲမှာ ဌာနဆိုင်ရာဝန်ထမ်း မိသားစုဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲ ဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်မှုတွေမှာ ဝန်ထမ်းမိသားစုဝင်တွေပါ ပါဝင်လာတာကြောင့် ဌာနအတွင်း မကျေနပ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။
သထုံမြို့နယ်စီမံအဖွဲ့ဝင်တွေဟာ အရပ်သားပြည်သူတွေကို ခြိမ်းခြောက်ဖမ်းဆီးငွေညှစ်နေပေမယ့် အရေးယူခံတာမရှိတာကြောင့် ပိုမိုအတင့်ရဲလာပြီး ဌာနဆိုင်ရာတွေနဲ့ပတ်သက်နေသူတွေပါမကျန် ဖမ်းဆီးငွေညှစ်လာတာလို့ ဆိုပါတယ်။
ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့သူတွေကို တစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀ ကျော် တောင်းခံနေပြီး မပေးနိုင်တဲ့လူငယ်တွေကို စစ်မှုထမ်းအဖြစ် တပ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေတာပါ။
သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ မွန်ပြည်နယ်မှာ စစ်ကော်မရှင် လစဉ်ဖွင့်လှစ်နေတဲ့ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၂၂ အထိ စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် ၄၅၀၀ ထက်မနည်း စစ်သားစုဆောင်းခံထားရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

