ကျောက်ကြီး၊ မတ် ၂၀
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ ပစ်ခတ်မှုကြောင့် စစ်ရှောင်ကလေးငယ် တစ်ဦး သေဆုံးပြီး မိဘနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့ မနက်ပိုင်းကစလို့ ကျောက်ကြီးမြို့နယ် ဇရပ်ခင်ရွာ၊ နံဇလေးရွာနဲ့ သဲဖြူရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။
စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ဟာ ဇရပ်ခင်ရွာကနေ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ အသက် ၃၂ နှစ်အရွယ် ရဲမင်းနိုင်အပါအဝင် မိသားစုဝင် သုံးဦးကို သေနတ်နဲ့အကြောင်းမဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် အသက် ၃၂ နှစ်အရွယ် ရဲမင်းနိုင်၊ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မလေးခင်တို့ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက် ၂ နှစ်အရွယ် သားဖြစ်သူ ဖိုးသောက်ကြာဟာ နေရာမှာပဲ သေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုကြောင့် သဲဖြူရွာသစ်၊ရွှေတဲစု၊ ပေါက်ကုန်း၊ သဲဖြူရွာဟောင်း၊ ဇရပ်ခင်၊ နံဇလေး၊ ရွာသာယာနဲ့သစ်တဲကျေးရွာ၊ စုစုပေါင်း ကျေးရွာ ရှစ်ရွာက ဒေသခံ ၂၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကော်မရှင်တပ်ဟာ KNU ကျောက်ကြီးမြို့နယ်က အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကို နေ့စဉ်နဲ့အမျှ ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စိုးရိမ်ထိတ်လန့်မှုတွေနဲ့ အသက်ရှင်နေထိုင်နေရတယ်လို့ KNU ဗဟိုက အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

