လန်ဒန်၊ မတ် ၄
မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွမ်းနဲ့ ဆူဒန်နိုင်ငံသားတွေအတွက် ပညာရေးဆိုင်ရာ ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်းမှာ ဖြစ်ပြီး အာဖဂန်နစ္စတန် နိုင်ငံသားတွေ အတွက် အလုပ်ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်းမယ်လို့ ဗြိတိန်အစိုးရက မတ် ၃ ရက်မှာ ပြောပါတယ်။
ဗြိတိန်အစိုးရက တရားဝင် လမ်းကြောင်းတွေကတဆင့် ခိုလှုံခွင့် လျှောက်ထားမှုတွေကို တားဆီးဖို့ ကြိုးစားနေချိန်မှာ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဗီဇာတင်းကြပ်ခံရတဲ့ အဲဒီနိုင်ငံတွေဆီက ကျောင်းသားတွေရဲ့ ခိုလှုံခွင့် လျှောက်ထားမှုဟာ ၂၀၂၁ နဲ့ ၂၀၂၅ ကြား ကာလမှာ ၄၇၀ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒါက ခိုလှုံခွင့် တောင်းခံသူတွေကို နှိမ်နှင်းရေး ပိုမိုကျယ်ပြန့်တဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
၂၀၂၁ နောက်ပိုင်း ဗြိတိန်နိုင်ငံသို့ တရားဝင် လမ်းကြောင်းတွေကတဆင့် ဝင်ရောက်လာသူ စုစုပေါင်း ၁၃၅၀၀၀ လောက်ရှိတယ်လို့ ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
စစ်ပွဲနဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးလာရသူတွေကို ဗြိတိန်အနေနဲ့ ခိုလှုံခွင့် အမြဲ ပေးသွားမှာ ဖြစ်ပေမယ့် မိမိတို့ရဲ့ ဗီဇာစနစ်ကို တလွဲသုံးဖို့ မရဘူးလို့ ပြည်ထဲရေးဝန်ကြီး ရှာဘာနာ မာမွတ်က ဆိုပါတယ်။
ဒါကြောင့်ပဲ မိမိတို့ရဲ့ စေတနာကို အသုံးချဖို့ ကြိုးစားနေကြတဲ့ နိုင်ငံတွေက နိုင်ငံသားတွေ အတွက် ဗီဇာ ထုတ်ပေးမှု ရပ်ဆိုင်းရေး မကြုံစဖူး ဆုံးဖြတ်ခဲ့ရတာ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
လက်ယာစွန်း ဗြိတိန် ပြုပြင်ပြောင်းလဲရေး အင်အားစုရဲ့ ရွှေ့ပြောင်းနေထိုင်မှု ဆန့်ကျင်ရေး သဘောထားနဲ့ သဘောထား စစ်တမ်းတွေမှာ သူတို့ရဲ့ ထောက်ခံမှု ပိုများလာနေချိန်မှာ ရွှေ့ပြောင်းနေထိုင်မှုဟာ ဗြိတိန်နိုင်ငံရေးမှာ အရေးပါတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တာပါ။
ပြင်သစ်နိုင်ငံကနေ ရေလက်ကြားကို လှေငယ်တွေနဲ့ ဖြတ်ပြီး ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးရေး ဗြိတိန်အစိုးရ အဆက်ဆက် တားဆီးဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။
ဒါပေမဲ့ တခြားလမ်းကြောင်းတွေကတဆင့် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက် လျှော့ချရေးအတွက်လည်း ဗြိတိန် အာဏာပိုင်တွေ ဖိအားပေးခံနေရပါတယ်။
၂၀၂၅ အတွင်း ပြည်ပကျောင်းသားတွေရဲ့ ခိုလှုံခွင့်လျှောက်ထားမှုတွေကို အစိုးရက ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့ပေမယ့် ပညာသင်ယူခွင့် ဗီဇာနဲ့ ရောက်ရှိလာသူတွေရဲ့ ခိုလှုံခွင့် လျှောက်ထားမှုဟာ မိမိတို့ စနစ်ရဲ့ ၁၃ ရာခိုင်နှုန်းအထိ ရှိနေဆဲ ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်မှာ သမ္မတ ဒေါ်နယ် ထရန့် အစိုးရက ရွှေ့ပြောင်းနေထိုင်မှုကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေချိန်မှာ ဗြိတိန်ကလည်း ကျောင်းသား ဗီဇာ ထုတ်ပေးမှုတွေကို ရပ်ဆိုင်းဖို့ စီစဉ်တာ ဖြစ်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေဟာ ပြင်သစ်ကနေ အင်္ဂလိပ်ရေလက်ကြားကို လှေငယ်လေးတွေနဲ့ ဖြတ်ကျော် ဝင်ရောက်လာနေကြတာကို တားဆီးဖို့ ဗြိတိန် အစိုးရ အခက်ကြုံနေပါတယ်။
မြန်မာ၊ အာဖဂန်နစ္စတန်၊ ကင်မရွမ်းနဲ့ ဆူဒန်နိုင်ငံက လူတွေဟာ ဗြိတိန်သို့ ကျောင်းသားဗီဇာတွေနဲ့ ဝင်ရောက်လာပြီး ခိုလှုံခွင့် လျှောက်ထားသူ ပိုများလာခဲ့ပါတယ်။
ဒီအခြေအနေကို ထိန်းချုပ်ရေး ဗြိတိန် အစိုးရက အဲဒီ နိုင်ငံတွေက ဗြိတိန်မှာ ကျောင်းတက်ခွင့် ဗီဇာ လျှောက်ထားမှုတွေ အားလုံးကို ရပ်ဆိုင်းမှာ ဖြစ်ပါတယ်။
Ref:France 24

