တာ့ခ်၊ မတ် ၄

အရှေ့အလယ်ပိုင်း စစ်ပွဲကြောင့် လောင်စာဈေးနှုန်းတွေ မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုကြောင့် မြန်မာနိုင်ငံသား တော်တော်များများဟာ ထိုင်းနယ်စပ်ကို ဖြတ်ကျော်ပြီး တာ့ခ်ပြည်နယ် မဲဆောက်မြို့ထဲမှာ သူတို့ရဲ့ မော်တော်ယာဉ်တွေကို ဆီအလုအယက် ဖြည့်နေကြပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ကနေ ရောက်ရှိလာတဲ့ မော်တော်ယာဉ် အများစုဟာ ခရီးသည်တင် ဗန်ကားတွေ ဖြစ်ပြီး သောင်ရင်းမြစ်ပေါ်ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၁ ကို ဖြတ်သန်းပြီး ဆီလာဖြည့်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံမှတ်တမ်း တင်ထားလိုက်နိုင်တဲ့ ဖြစ်ရပ်တစ်ခုမှာ ယာဉ်မောင်း တစ်ယောက်ဟာ သူ့ကားထဲကို ဆီဖြည့်လို့ရသလောက် ဖြည့်လိုဇောနဲ့ ဖြည့်ရာမှာ ဆီတွေ လျှံထွက်ကုန်တာကို တွေ့ရပါတယ်။

ဒီလို မြန်မာနိုင်ငံက မော်တော်ကားတွေ အများကြီး ဆီလာဖြည့်နေတာကြောင့် မဲဆောက် ဒေသခံတွေ စက်သုံးဆီ ပြတ်လပ်မှာကို စိုးရိမ်ပြီး သူတို့ အလျင်အမြန် သွားရောက် ဆီဖြည့်နေကြပါတယ်။

အီရန်ကို အမေရိကန်နဲ့အစ္စရေးတို့က တိုက်ခိုက်နေတာကြောင့် အီရန်က ကမ္ဘာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လမ်းကြောင်း ဟောမု့ဇ် ရေလက်ကြားကို ပိတ်ထားလိုက်ပါတယ်။

အီရန်ရဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့ရေနံဈေး မြင့်တက်လာခဲ့ပြီး စစ်ပွဲ ကြာရှည်နေရင် ရေနံဈေး ထပ်မံ မြင့်တက်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးထားပါတယ်။

မြန်မာနိုင်ငံမှာလည်း အိမ်စီးကားတွေအနေနဲ့ မဂဏန်း၊ စုံဂဏန်းခွဲခြားပြီး တစ်ရက်ခြားစီ မောင်းနှင်ရမှာ ဖြစ်ကြောင်း စစ်အစိုးရက ကြေညာထားပါတယ်။

အီရန် စစ်ပွဲကြောင့် စက်သုံးဆီ ပြတ်လပ်မှုများ မဖြစ်စေရေး အခုလို သတ်မှတ်တာ ဖြစ်ပေမယ့် တရုတ်ကနေ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစု တင်သွင်း ရောင်းချနေတဲ့ လျှပ်စစ်ကားတွေကတော့ နေ့တိုင်း မောင်းနှင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

ထိုင်းစွမ်းအင်ဝန်ကြီးက မိမိတို့မှာ နှစ်လကျော်အတွက် လုံလောက်တဲ့ အရန် လောင်စာဆီရှိထားပြီ ဖြစ်တယ်လို့ ပြောပါတယ်။

အီရန်က ပို့ဆောင်လိုက်တဲ့ ရေနံတွေဟာလည်း ဟောမု့ဇ် ရေလက်ကြားကို ဖြတ်ကျော်ပြီး ဖြစ်သလို တခြား နေရာတွေဆီကလည်း ရေနံတွေ ရောက်လာဖို့ ရှိတာကြောင့် မစိုးရိမ်ကြဖို့ အများပြည်သူကို တိုက်တွန်းထားပါတယ်။

ဒါပေမဲ့ အီရန် စစ်ပွဲ ရှည်ကြာလာမယ်ဆိုရင်တော့ ထိုင်းအနေနဲ့ တခြား နိုင်ငံတွေဆီက ရေနံ ဝယ်ယူရလိမ့်မယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ပြောပါတယ်။

PTT နဲ့ Bangchak ကုမ္ပဏီတို့က ဈေးနှုန်း ထိန်းနေတယ်လို့ ပြောထားပေမယ့် ပြိုင်ဖက် လုပ်ငန်း တချို့က ဈေးတင် ရောင်းချနေပါတယ်။

ထိုင်းမှာ Shell နဲ့ Caltex ကုမ္ပဏီတို့က မတ် ၃ ရက်စတင်ပြီး လောင်စာဈေးနှုန်း တိုးမြှင့်ထားပါတယ်။

ကမ္ဘာ့ရေနံဈေး ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာနိုင်တာကြောင့် ထိုင်းမှာလည်း လောင်စာဈေး ဆက်လက် မြင့်တက်လာမယ်လို့ မျှော်လင့်ရပါတယ်။

ထိုင်းနယ်စပ်က ဆီဆိုင်တွေမှာ မြန်မာနိုင်ငံက ကားသမားတွေလည်း ဆီလာ တန်းစီကြတာကြောင့် ကိုယ့်အလှည့်ရောက်ဖို့ အကြာကြီး စောင့်ကြရတယ်လို့ ထိုင်းနိုင်ငံသား တချို့ ပြောပါတယ်။

တာ့ခ်ပြည်နယ်ရှိ ထိုင်း-မြန်မာ နယ်စပ်ဒေသကို ထိုင်းအစိုးရက ဖြတ် ၃ ဖြတ် လုပ်ထားဆဲ ဖြစ်ပါတယ်။

ကျားဖြန့်လုပ်ငန်းတွေကို တားဆီးရေး ထိုင်းအစိုးရက မြန်မာ နယ်စပ်ဆီ လောင်စာ တင်ပို့မှု ရပ်ဆိုင်းထားပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံက မော်တော်ကားတွေကိုတော့ နယ်စပ်ကျော်ပြီး ဆီလာဖြည့်ခွင့် ပေးထားဆဲ ဖြစ်ပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.