နေပြည်တော် ၊ ဖေဖော်ဝါရီ ၆
နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးရေးအတွက် အရေးကြီးလိုအပ်ရင် သက်သေမပါဘဲ ဖမ်းဆီးနိုင်တဲ့ နိုင်လွတ်လုံဥပဒေပါ ပုဒ်မတချို့ကို စစ်တပ်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ပြင်ဆင်ပြဋ္ဌာန်းကြောင်း ထုတ်ပြန်ပါတယ်။
နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတနေရာမှာ လက်မှတ်ရေးထိုးပြီး ပုဒ်မ ၅ ပုဒ်မခွဲ (ခ) နဲ့ ပုဒ်မ ၈ ခြေဆင်းမှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို အစားထိုးပြင်ဆင်ခဲ့တာပါ။
ပုဒ်မ ၅ ပုဒ်မခွဲ (ခ) အရ ပုဂ္ဂိုလ်တစ်ဦးရဲ့ နေအိမ်နဲ့ နေအိမ်အဖြစ် အသုံးပြုတဲ့ အဆောက်အုံတွေအတွင်း တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဝင်ရောက်ရှာဖွေတာ၊ သိမ်းဆည်းတာ၊ ဖမ်းဆီးတာတွေ ပြုလုပ်လိုရင် သက်ဆိုင်ရာ တာဝန်ခံ အနည်းဆုံးသက်သေနှစ်ဦးနဲ့အတူ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
ဒါဟာ လုံခြုံရေးအတွက် အရေးကြီးလိုအပ်ချက်က လွဲရင် သက်ဆိုင်ရာ ရပ်ကွက် ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးဖြစ်စေ ကျေးရွာတာဝန်ခံ ဒါမှမဟုတ် ရာအိမ်မှူး ဆယ်အိမ်မှူးဖြစ်စေ တစ်ဦးဦး အပါအဝင် အနည်းဆုံး သက်သေနှစ်ဦးနဲ့ လုပ်ဆောင်ဖို့ပါ။
ဒီအတွက်ကြောင့် ကာကွယ်ရေး လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေး အကြောင်းပြချက်နဲ့ သက်သေမပါဘဲ ပုဂ္ဂိလ်တစ်ဦးရဲ့ နေအိမ်ဖြစ်စေ အသုံးပြုတဲ့ အဆောက်အအုံအတွင်းဖြစ်စေ သက်သေမပါဘဲ ဝင်ရောက်ဖမ်းဆီးနိုင်တဲ့ သဘောလို့ နားလည်ရပါတယ်။
ပုဒ်မ(၈) ခြေဆင်းမှာတော့ အရင်ဥပဒေအရ ဘယ်သူမှ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့်၊ ခွင့်ပြုချက် ဒါမှမဟုတ် ဝရမ်းတစ်စုံတစ်ရာမရှိဘဲ ဖြစ်စေ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ဖြစ်စေဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခဲ့တာပါ။
ပြင်ဆင်ချက်အရ နိုင်ငံတော် ကာကွယ်ရေး လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက် ဥပဒေနဲ့အညီ တာဝန်အရ ဆောင်ရွက်ရတဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်ရှိသူကလွဲရင်ဆိုတဲ့ စကားရပ်နဲ့ အစားထိုးဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
နိုင်လွတ်လုံလို့ခေါ်တဲ့ နိုင်ငံသားတွေရဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ကတည်းက နိုင်ငံသားတွေအတွက် အရေးပါတဲ့ ပုဒ်မသုံးခုကို ရပ်ဆိုင်းထားတာပါ။
အာဏာသိမ်း စစ်တပ်ကနေ ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီလို့ ခေါ်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်လွတ်လုံဥပဒေထဲက ပုဒ်မ ၅၊ ပုဒ်မ ၇ နဲ့ ပုဒ်မ ၈ တို့မှာပါတဲ့ ပြဌာန်းချက်တွေကို ရပ်ဆိုင်းတဲ့ ဥပဒေအဖြစ် ၂၀၂၁ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြဌာန်းခဲ့ပါတယ်။
အဲဒီနောက်ပိုင်း အာဏာသိမ်းမှု ၅ နှစ်နီးပါးအကြာ စစ်ကောင်စီကနေ စစ်ကော်မရှင်အဖြစ် အသွင်ပြောင်းခဲ့ပြီး စစ်ခေါင်းဆောင်က ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ ကာလုံကပဲ ၂၀၂၅ ခုနှစ် သြဂုတ် ၁ ရက်နေ့မှာ အဲဒီပုဒ်မတွေကို ရပ်ဆိုင်းတဲ့ ဥပဒေအဖြစ် ထပ်မံပြဌာန်းခဲ့တာပါ။
ဒါကြောင့် စစ်အုပ်ချုပ်ရေး ၅ နှစ်တာအတွင်း သက်သေမပါ၊ ဝရမ်းမပါဘဲ တရားလက်လွတ် ဖမ်းဆီးမှုတွေ တောက်လျှောက်ရှိခဲ့သလို တရားရုံးရဲ့ ခွင့်ပြုချက်မလိုဘဲ လူတစ်ယောက်ကို ၂၄ နာရီထက် ကျော်လွန်ပြီး ဖမ်းဆီးချုပ်နှောင်တာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် နောက်ယောင်ခံ စောင့်ကြည့်တာ၊ စုံစမ်းထောက်လှမ်းတာ၊ လူတစ်ဦးနဲ့ တစ်ဦးကြား ဆက်သွယ်ပြောဆိုမှုကိုလည်း ကြားဖြတ်နားထောင်တာ၊ ဆက်သွယ်ရေးအော်ပရေတာဆီက အချက်အ လက် တောင်းယူတာ၊ ပစ္စည်းသိမ်းယူတာနဲ့ ဖျက်ဆီးတာတွေအထိ စစ်တပ်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

