ဘားအံ၊ ဖေဖော်ဝါရီ ၆
ကရင်လူထုတွေရဲ့ အားပေးထောက်ခံမှုနဲ့ ပူးပေါင်းပါဝင်မှုတွေရှိတဲ့အတွက်ကြောင့် ဒီကနေ့ထိ ကရင်အမျိုးသား အစည်းအရုံး KNU ဟာ ရပ်တည်နေနိုင်ခဲ့တာဖြစ်တယ်လို့ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ၇၉ နှစ်မြောက် ကရင်အမျိုးသားအစည်းအရုံး ဖွဲ့စည်းတည် ထောင်ခြင်းနေ့မှာ ပေးပို့တဲ့သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။
ကရင်တော်လှန်ရေးလှုပ်ရှားမှု ၇၉ နှစ်တာကာလအတွင်း ဦးဆောင်ဦးရွက်ပြုခဲ့ရာမှာ KNU အနေနဲ့ ဦးဆောင်မှု အခန်းကဏ္ဍ၊ အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှုအခန်းကဏ္ဍမှာဖြစ်စေ ကရင်လူမျိုးကြားထဲမှာဖြစ်စေ အစည်းအရုံး ခိုင်မာစွာရပ်တည်နိုင်မှုအပေါ် စိန်ခေါ်မှုဖြစ်စေခဲ့တဲ့ အခြေအ နေများစွာ ကြုံတွေ့ခဲ့ရတယ်လို့ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။
အချိန်ကာလတစ်ခုမှာ ကရင်အမျိုးသားအစည်းအရုံးရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍကို ထားရစ်ခံခဲ့ရတာ ရှိပြီး ဦးဆောင်မှုကဏ္ဍမှာရှိတဲ့ ခေါင်းဆောင်တွေဟာလည်း နိုင်ငံရေးမူဝါဒနဲ့ သဘောထားရပ်တည်ချက်တွေအရ တော်လှန်ရေးလမ်းစဉ်နဲ့ မကိုက်ညီတဲ့အပေါ်မှာလည်း စိတ်ဝမ်းကွဲမှုတွေရှိခဲ့တယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံးကို ဦးဆောင်တည်ထောင်ခဲ့တဲ့ ခေါင်းဆောင်တွေထဲက တောင် အစည်းအရုံးနဲ့ တော်လှန်ရေးကို ချန်ရစ်ထားခဲ့ကြတာတွေလည်း ရှိခဲ့ပြီး တော်လှန်ရေးအချိန်ကာလ ကြာမြင့်လာတာနဲ့ အခက်အခဲတွေကြုံတွေ့ရတာတွေကြောင့်လည်း လုပ်ဖော်ကိုင်ဖက်တချို့ဟာ အစည်းအရုံးနဲ့တော်လှန်ရေးကို ကျောခိုင်းသွားခဲ့တာတွေလည်း ရှိခဲ့တယ်လို့ ပဒိုစောကွယ်ထူးဝင်းက အသိပေးပါတယ်။
“ဒီထက်ဆိုးရွားလှတဲ့အချက်ကတော့ တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွားရှာ အာဏာအလွဲသုံးမှုတွေဟာ ဦးဆောင်တဲ့ခေါင်းဆောင်တွေကြားထဲမှာလည်း ရှိခဲ့ပါတယ်” လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကရင်အမျိုးသားတော်လှန်ရေးဟာ ကရင်တစ်မျိုးသားလုံးရဲ့ အကျိုးနဲ့သက်ဆိုင်သော် လည်း အစည်းအရုံးရဲ့တော်လှန်ရေးလှုပ်ရှားမှုမှာ မပါဝင်တဲ့ ကရင်လူမျိုးတွေအများကြီး ကျန်ရှိနေသေးတာကို တွေ့ရတယ်လို့ KNU ဥက္ကဌက ဆိုပါတယ်။
ဒီလိုအခြေအနေတွေကြုံတွေ့ခဲ့ရပေမယ့်လည်း ကရင်အမျိုးသားအစည်းအရုံး ခေါင်းဆောင်တွေနဲ့ လုပ်ဖော်ကိုင်ဖက်တချို့က ပြိုကွဲမှုတွေကို ကြိုးစားစည်းရုံးပြီး အမြင်မတူမှုတွေကို သဘောထားညှိယူစုစည်းကာ အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုကို ပြန်လည်ရရှိအောင် ကြိုးစားတည် ဆောက်ခဲ့တယ်လို့ ဆိုထားပါတယ်။
နိုင်ငံရေးအခြေအနေအပြောင်းအလဲတွေနဲ့အညီ ကရင်အမျိုးသားအစည်းအရုံးက ဦးဆောင်ဦးရွက်ပြုပြီး နိုင်ငံရေးမဟာဗျူဟာ နည်းဗျူဟာတွေကိုလည်း အချိန်ကာလနဲ့အညီချမှတ်ပြီး အကောင်အ ထည်ဖော်ဆောင်နေတာဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

