အဘူဒါဘီ၊ ဇန်နဝါရီ ၂၄
လေးနှစ်နီးပါး ကြာမြင့်နေပြီဖြစ်တဲ့ စစ်ပွဲ အဆုံးသတ်စေရေး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တွန်းအားပေးနေတဲ့ အစီအစဉ်နဲ့ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း ညှိနှိုင်းရေးမှူးတွေ အဘူဒါဘီမြို့မှာ ဇန်နဝါရီ ၂၃ ရက်က ပထမဆုံးအကြိမ် တိုက်ရိုက် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး အမေရိကန် ကနဦး ရေးဆွဲထားတဲ့ အစီအစဉ်ဟာ ရုရှားဖက်ကို ယိမ်းလွန်းတယ်ဆိုပြီး ယူကရိန်းနဲ့ အနောက်ဥရောပမှာ ပြစ်တင် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

နောက်ပိုင်း အဆိုပြုချက်တွေကိုတော့ မော်စကိုက ဝေဖန်ပြီး ဥရောပတပ်ဖွဲ့ဝင်တွေ ချထားမယ့် အစီအစဉ်ကို အပြစ်တင်ထားပါတယ်။
ဇန်နဝါရီ ၂၅ ရက်အထိ ဆက်လက်ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ဇန်နဝါရီ ၂၄ ရက် ဆွေးနွေးမှုတွေမတိုင်ခင် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက နယ်မြေဆိုင်ရာကိစ္စဟာ မပြေလည်သေးတဲ့ အဓိက ကိစ္စ ဖြစ်တယ်လို့ ပြောပါတယ်။
ယူကရိန်းတပ်တွေ အရှေ့ပိုင်း ဒွန်ဘတ်စ်မြို့ကနေ ဆုတ်ခွာပေးရမယ်ဆိုတဲ့ မိမိတို့ တောင်းဆိုချက်ကို ရုတ်သိမ်းမှာ မဟုတ်ဘူးလို့ ရုရှားက ပြောထားပါတယ်။

ရုရှားစစ်ပွဲ အဆုံးသတ်ရေး ကန့်သတ်ချက် ဘောင်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အနာဂတ်နဲ့ ပတ်သက်လို့ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ပထမဆုံးနေ့ ညှိနှိုင်းမှုတွေအပြီး ယူကရိန်း ညှိနှိုင်းရေးအဖွဲ့ အကြီးအကဲ ရပ်စတန် အူမာရော့ဗ်က လူမှုမီဒီယာမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၅ ရက်မှာလည်း ညှိနှိုင်းမှုတွေ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။
ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စောစောပိုင်း ကြေညာချက် တစ်ရပ်မှာ ဆွေးနွေးမှုတွေ နှစ်ရက်ကြာ ပြုလုပ်ဖို့စီစဉ်ထားပြီး ပဋိပက္ခအတွက် နိုင်ငံရေး အဖြေတွေ ရှာဖွေရေးနဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာစေရေး လက်ရှိ ကြိုးပမ်းမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကျင်းပနေတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၂၂ ရက်က ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ထရန့်နဲ့ ဇီလန်စကီးတို့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီနောက် အမေရိကန် အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဗ်နဲ့ ပူတင်တို့ ကရင်မလင်နန်းတော်မှာ ဆွေးနွေးခဲ့ကြပါတယ်။
ရုရှားရဲ့တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း စွမ်းအင် အခြေခံ အဆောက်အဦတွေ ပျက်စီးသွားပြီး အပူချိန် သုည ဒီဂရီအောက် ရောက်နေချိန်မှာ လူထောင်ချီ အပူပေးစက်တွေ အသုံးမပြုနိုင် ဖြစ်နေပါတယ်။
ဒီလိုအချိန် အဘူဒါဘီမှာ ရုရှားနဲ့ ယူကရိန်း ပထမဆုံး တိုက်ရိုက် ဆွေးနွေးမှု ထွက်ပေါ်လာတာပါ။
မီးစက်တွေ ရာနဲ့ချီပြီး ပေးပို့ထားတဲ့ ဥရောပသမဂ္ဂ (အီးယူ) က ရုရှားဟာ ယူကရိန်း ပြည်သူတွေ အပူပေးစက် အသုံးမပြုနိုင်အောင် တမင်တကာ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ပြစ်တင် ပြောဆိုထားပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အပြင်းထန်ဆုံး စစ်ပွဲ အဆုံးသတ်ရေး သံတမန်နည်းလမ်းနဲ့ ကြိုးပမ်းမှုတွေ အရှိန်ရလာပေမယ့် ရုရှားနဲ့ ယူကရိန်းကြား နယ်မြေကိစ္စနဲ့ ပတ်သက်လို့ ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ကြုံနေပါတယ်။
အရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသရဲ့ နယ်မြေ ၂၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်တဲ့ ယူကရိန်းက အဲဒီဒေသကို စွန့်လွှတ်ရမယ်ဆိုတဲ့ ရုရှားရဲ့ တောင်းဆိုမှုကို ပယ်ချထားပါတယ်။
Ref:AFP

