မက်ဒရစ်၊ ဇန်နဝါရီ ၁၉
စပိန်နိုင်ငံ တောင်ပိုင်းမှာ ဇန်နဝါရီ ၁၈ ရက်က မြန်နှုန်းမြင့် ရထား တစ်စီး လမ်းချော်ပြီး တခြား ရထားတစ်စီးကို ဝင်တိုက်မှုကြောင့် ဒုတိယရထားလည်း လမ်းချော်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အဲဒီ ရထားနှစ်စီး လမ်းချော်ပြီး တိုက်မိမှုကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ရထား နှစ်စီး တိုက်မိရတဲ့ အကြောင်းရင်းကို မသိရသေးကြောင်း၊ ဖြောင့်တန်းနေတဲ့ ရထားလမ်းနေရာမှာ လမ်းချော်မှု ဖြစ်ပွားတာက အမှန်တကယ် ထူးဆန်းကြောင်း မက်ဒရစ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စပိန် ပို့ဆောင်ရေးဝန်ကြီး အော်စကာ ပူယက်တီက သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီ ရထားလမ်းပိုင်းကို ပြီးခဲ့တဲ့ မေလက ပြန်လည် ပြုပြင်ထားပြီး ဖြစ်ကြောင်းလည်း ဝန်ကြီး ပူယက်တီက ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ မက်ဒရစ်ကနေ ဟူအဲဗားမြို့ကို ခုတ်မောင်းလာတဲ့ ရထားရဲ့ ရထားမောင်းသူ ပါဝင်ကြောင်း နိုင်ငံပိုင် ရုတ်သံလိုင်း Television Espanola က ဖော်ပြထားပါတယ်။
၂၁ ဦး သေဆုံးတဲ့အပြင် ထိခိုက်ဒဏ်ရာရသူ ၁၀၀ ရှိပြီး ဒဏ်ရာ ပြင်းထန်သူ ၂၅ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
တိုက်မိခဲ့တဲ့ ရထား နှစ်စီးထဲမှာ အီတလီအစိုးရ ထိန်းချုပ်ထားတဲ့ ရထားလမ်းအဖွဲ့ Ferrovie dello Stato က ရှယ်ယာ အများစု ပိုင်ဆိုင်ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု ပြေးဆွဲနေတဲ့ ရထား ပါဝင်နေပါတယ်။

မတော်တဆ ဖြစ်ပွားခဲ့တာကြောင့် များစွာ စိတ်မကောင်း ဖြစ်ရပြီး သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ အနီးကပ် လက်တွဲ ဆောင်ရွက်ရေး အရေးပေါ် အစီအစဉ်တွေ ချမှတ် လုပ်ဆောင်နေကြောင်း ရထား ကုမ္ပဏီတွေက ပြောပါတယ်။
အဲဒီ ရထားနှစ်စီးဟာ ၁ နာရီကို ၁၂၄ မိုင်နှုန်းနဲ့ မောင်းနှင်နေချိန်မှာ တိုက်မိခဲ့တာ ဖြစ်ပြီး ရထား နှစ်စီးစလုံး လမ်းချော်သွားခဲ့တယ်လို့ သိရပါတယ်။
မက်ဒရစ်မြို့နဲ့ အန်ဒါလူစီယာမြို့ကြား ပြေးဆွဲနေတဲ့ ရထားအားလုံးကို ကုမ္ပဏီက ရပ်ဆိုင်းထားလိုက်ပါတယ်။
စပိန် ဝန်ကြီးချုပ်၊ စပိန်ဘုရင်နဲ့ မိဖုရားတို့က ရထား မတော်တဆ ဖြစ်မှုကြောင့် လူအများ သေဆုံးခဲ့ရတဲ့ အတွက် ဝမ်နည်းကြောင်း ပြောထားပါတယ်။
ပြည်ပ သံရုံးတွေကလည်း သူတိုရဲ့ ဝန်ထမ်းတွေအနေနဲ့ ဘေးအန္တရာယ် ကင်း၊မကင်း အတည်ပြုပေးကြဖို့ မက်ဆေ့ချ်တွေ ပေးပို့ထားပါတယ်။
ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီရေး ရထား တိုက်မိမှု ဖြစ်ပွားရာ ဒေသ အနီးရှိ စစ်တပ်ကို စေလွှတ်ထားကြောင်း အရာရှိတွေက ပြောပါတယ်။
တိုက်မိခဲ့တဲ့ ရထား တစ်စီးမှာ လိုက်ပါလာတဲ့ ခရီးသည် ၃၀၀ ကျော်ရှိပြီး နောက်တစ်စီးမှာ ခရီးသည် ၁၀၀ လောက်လိုက်ပါလာတာ ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာပြင်းထန်သူ အချို့ ပါဝင်နေတာကြောင့် သေဆုံးသူ အရေအတွက် ပိုများလာနိုင်တယ်လို့ အရာရှိတွေက ပြောထားပါတယ်။
Ref:Reuters

