ဒမတ်စကတ်စ် ၊ဇန်နဝါရီ ၁၉

ကာ့ဒ်လူမျိုးတွေ ဦးဆောင်တဲ့ ဆီးရီးယား ဒီမိုကရက်တစ် တပ်ဖွဲ့ SDF နဲ့ တစ်နိုင်ငံလုံး ချက်ချင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိကြောင်း ဆီးရီးယား အစိုးရက ကြေညာလိုက်ပြီး နိုင်ငံ့ နယ်မြေတွေကို ရာနှုန်းပြည့်နီးပါး ထိန်းချုပ်လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

သီတင်းနှစ်ပတ်ကြာ တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီးနောက် SDF တပ်ဖွဲ့က ဆီးရီးယား စစ်တပ် အစိုးရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ အချက် ၁၄ ချက်ပါ သဘောတူညီမှု တစ်ရပ် ရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်ကြောင့် အစိုးရအနေနဲ့ နိုင်ငံ အရှေ့ပိုင်းနဲ့ မြောက်ပိုင်းဒေသ သုံးခုကို ပြန်လည် ထိန်းချုပ်နိုင်တော့မှာ ဖြစ်ကြောင်း သမ္မတ အာမက် အယ်လ်ရှာရာက ဒမတ်စကတ်စ်မြို့မှာ ပြောပါတယ်။

သမ္မတအယ်လ်ရှာရာနဲ့ ဆီးရီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် တွမ် ဘားရက်တို့ ဒမတ်စကတ်မြို့မှာ တွေ့ဆုံခဲ့ပြီးနောက် အခုလို သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ သဘောတူညီမှုဟာ ဆီးရီးယား စည်းလုံးညီညွတ်ရေး ရှေ့သို့ လှမ်းချီလိုက်တဲ့ ခြေလှမ်း တစ်လှမ်း ဖြစ်တယ်လို့ တွမ် ဘားရက်က ပြောပါတယ်။

SDF တပ်မှူး မာဇလွမ် အဘာဒီ အစည်းအဝေး တက်ရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ရာသီဥတု အခြေအနေကြောင့် မလာရောက်နိုင် ဖြစ်ခဲ့ပြီး နောက်ရက်မှ လာရောက်မှာ ဖြစ်ကြောင်း သမ္မတ အယ်လ် ရှာရာက ဆိုပါတယ်။

ရုပ်သံက ထုတ်လွှင့်တဲ့ မိန့်ခွန်းမှာ တပ်မှူး အဘာဒီက အဲဒီတွေ့ဆုံးဆွေးနွေးမှု အကြောင်း အတည်ပြု ထားပြီး မြို့တော်က ပြန်လာပြီးနောက်မှာ ကာ့ဒ်လူမျိုး ဦးဆောင်တဲ့ တပ်ဖွဲ့နဲ့ သဘောတူညီမှု အသေးစိတ် အချက်အလက်တွေကို ဝေမျှသွားမယ်လို့ ပြောထားပါတယ်။

ကျယ်ပြန့်တဲ့ စစ်ပွဲ ဖြစ်မလာစေရေး ဆီးရီးယား အစိုးရနဲ့ သဘောတူညီချက် တစ်ရပ် ရယူခဲ့ကြောင်း သူက ကာ့ဒ်ရုပ်သံလိုင်း Ronahi ကတဆင့် ပြောပါတယ်။

ဆီးရီးယား ပြည်တွင်းစစ်အတွင်း ကာ့ဒ်လူမျိုးများ ဦးဆောင်တဲ့ တပ်ဖွဲ့တွေက သူတို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွေ တည်ဆောက်ထားပြီး အမေရိကန်ကလည်း အခိုင်အမာ ထောက်ခံပေးခဲ့ပါတယ်။

အိုင်အက်စ်အဖွဲ့ကို ချေမှုန်းဖို့ ကြိုးပမ်းရာမှာ အဓိက မဟာမိတ် တပ်ဖွဲ့အနေနဲ့ အမေရိကန်က SDF ကို လက်နက်တွေ တပ်ဆင်ပေးခဲ့သလို လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ စစ်ရေး အကူအညီနဲ့အတူ SDF ဟာ ဆီးရီးယား အရှေ့မြောက်ပိုင်းရှိ အိုင်အက်စ် အဖွဲ့ကို တိုက်ထုတ်ပြီး ကာ့ဒ်လူမျိုးတွေနဲ့ အာရပ် အများစု နေထိုင်ရာ ဒေသ နှစ်ခုစလုံးကို ထိန်းချုပ်ထားခဲ့ပါတယ်။

အယ်လ်ရှာရာနဲ့ အဘာဒီတို့ လက်မှတ်ရေးထိုးထားတဲ့ အဲဒီ သဘောတူညီချက် ဆီးရီးယား အာဏာပိုင်တွေက အရပ်ဖက် အဖွဲ့အစည်းတွေကို ထိန်းချုပ်ပြီး ကာ့ဒ်လူမျိုးတွေ ထိန်းချုပ်မှုအောက်မှာ ရှိခဲ့တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်တွေကိုလည်း ရယူမှာ ဖြစ်ပါတယ်။

SDF ရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို လုံခြုံရေးအရ စစ်ဆေးပြီးနောက် ဆီးရီးယား စစ်တပ်နဲ့ ပြည်ထဲရေး ဝန်ကြီးဌာနနဲ့ ပေါင်းစည်းသွားမှာ ဖြစ်ပါတယ်။

အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ထိန်းချုပ်ထားတဲ့ အကျဉ်းထောင်တွေကိုလည်း ဆီးရီးယားအစိုးရက လွှဲပြောင်း တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

ကာ့ဒ်လူမျိုးတွေရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှုတွေကို အသိအမှတ်ပြုဖို့လည်း ဆီးရီးယား အစိုးရက သဘောတူညီခဲ့ပါတယ်။

ဒါဟာ ၁၉၄၆ ခုနှစ်မှာ ပြင်သစ်ဆီကနေ ဆီးရီးယား လွတ်လပ်ရေး ရရှိပြီး နောက်ပိုင်း ကာ့ဒ်လူမျိုးတွေကို အဲဒီလို ပထမဆုံး တရားဝင် အသိအမှတ်ပြုမှု ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.