နေပြည်တော် ၊ ဇန်နဝါရီ ၁၆

စစ်တပ်ဦးဆောင်တဲ့ အပိုင်းလိုက် ရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု မရှိတဲ့အပေါ် စိစစ်ဆောင်ရွက်ပေးဖို့ နိုင်ငံရေးပါတီ သုံးခုက တောင်းဆိုထားပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်လပ်မျှတတယ်လို့ ထုတ်ပြောလာပါတယ်။

ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတသလို အားလုံး လက်ခံကြတဲ့အတွက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်မာစွာ လျှောက်လှမ်းနေပြီလို့ ဇန်နဝါရီ ၁၃ ရက်နေ့က လူငယ်ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင်က ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အပိုင်း ၁ ရွေးကောက်ပွဲအပြီး ကြိုတင်မဲကိစ္စမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြည်သူ့ပါတီ၊ ရှမ်းနဲ့ တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ) နဲ့ မြန်မာနိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က စစ်ခေါင်းဆောင်ထံ စာပို့တိုင်ကြားခဲ့ပါတယ်။

စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ကြိုတင်မဲနဲ့ပတ်သက်လို့ လုပ် ထုံးလုပ်နည်းနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း ကြိုတင်မဲကိစ္စမှာ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်ပေးခဲ့ကြောင်းနဲ့ အပိုင်း ၂ မှာလည်း အလားတူ လုပ်‌ဆောင်ပေးမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေကို ပြောကြားခဲ့တာပါ။

ပါတီတွေထောက်ပြတဲ့အချက်တွေထဲမှာ ကြိုတင်မဲကောက်ယူရာမှာ ကြံ့ခိုင်ရေးပါတီက လိုက်ပါခွင့်ရနေတာ၊ ကြိုတင်မဲပုံးရဲ့ လုံခြုံရေးကြိုးက သတ်မှတ်တဲ့ ကြိုးမဟုတ်တာ၊ ကြိုတင်မဲလက်မှတ်ရဲ့ နောက်ကျောမှာ ရပ်/ကျေးကော်မရှင် ဥက္ကဌလက်မှတ်မပါတာ၊ ကြိုတင်မဲကို အမှန်ခြစ်ရာမှာ တစ်ဦးတည်းက ရေးခြစ်တယ်လို့ ယူဆရတာတို့ ဖြစ်ပါတယ်။

ကြိုတင်မဲရရှိမှုအခြေအနေကို လေ့လာကြည့်ရင် ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေက အခြားပါတီကိုယ်စားလှယ်လောင်းတွေထက် တစ်ဦးချင်း ကြိုတင်မဲရရှိမှုမှာ အပိုင်း ၁ ပါ မြို့နယ်အားလုံးမှာ သာလွန်နေတာ တွေ့ရတယ်လို့ Data For Myanmar ရဲ့ အပိုင်း ၁ ရွေးကောက်ပွဲအ ခြေအနေ လေ့လာသုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲရဲ့ လွတ်လပ်တရားမျှတမှုကို အပိုင်းသုံးပိုင်းလုံးပြီးမှ ဝေဖန်သုံးသပ်ဖို့နဲ့ တပ်က လုပ်တဲ့ ရွေးကောက်ပွဲဖြစ်လို့ လွတ်လပ်တရားမျှတဖို့ အာမခံတယ်လို့ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပတဲ့နေ့မှာ သတင်းမီဒီယာတွေကို ဖြေကြားခဲ့တာပါ။

အပိုင်း ၁ ရွေးကောက်ပွဲကိုတော့ ၁၀၂ မြို့နယ်မှာရှိတဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း ၅၆၀၀ ကျော်ထဲက ၄၂၀၀ ကျော်သာ ကျင်းပနိုင်ခဲ့ပြီး မဲပေးခွင့်ရှိသူ ၁၁ ဒသမ ၆ သန်းကျော်ရှိတဲ့ထဲက လူ ၆ သန်းကျော် မဲပေးခဲ့တဲ့အတွက် မဲပေးသူ ၅၂ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ Data For Myanmar က ဖော်ပြပါတယ်။

ဝန်ထမ်းတွေနဲ့ မိသားစုတွေအနေနဲ့ မဖြစ်မနေ မဲပေးကြဖို့ ၊ မဲမပေးရင် လက်ရှိ ရာထူးအပြင် ရာထူး တိုးမှုအတွက် ထိခိုက်မှုတွေ ရှိလာမှာကို စိုးရိမ်လို့ မဲပေးခဲ့ကြရတာ ရှိနေပြီး ကျေးလက်ဒေသတချို့မှာလည်း အုပ်ချုပ်ရေးမှူးတွေက ပြည်သူတွေကို မဲသွားပေးဖို့ ဖိအားပေးတာတွေ ရှိခဲ့တာပါ။

ဒါ့အပြင် နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ ကျေးလက်နေပြည်သူတွေအနေနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ မိတ်မပျက်ချင်သူတွေ မဲမပေးရင် နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်လို့ မဖြစ်မနေ မဲသွားပေးရတာတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေရဲ့ ဖိအားပေးမှုအခြေအနေဟာ မြို့နယ်အလိုက် ကွာခြားမှုရှိပြီး မိမိစိတ်ဆန္ဒအရ နှစ်သက်ရာပါတီကို သွားရောက်မဲပေးကြသူတွေလည်း ရှိခဲ့တယ်လို့ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Data For Myanmar က အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

တစ်ဘက်မှာ စစ်ကော်မရှင်ဟာ ပြဌာန်းထားတဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ သူတို့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ပျက်ပြားအောင် ကျုးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူပေါင်း ၃၄၀ နီးပါးကို အမှုဖွင့်အရေးယူထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.