နေပြည်တော်၊ ဇန်နဝါရီ ၂
ရွေးကောက်ပွဲမှာ မှတ်ပုံတင် ပျက်ဆီး/ပျောက်ဆုံးသူတွေ မဲပေးနိုင်ဖို့ နိုင်ငံသားကတ်ပြားတွေကို အထူးကိစ္စတစ်ရပ်အဖြစ် လုပ်ဆောင်ပေးနေတယ်လို့ စစ်ကော်မရှင် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဝန်ကြီးဌာနက ဇန်နဝါရီ ၁ ရက်နေ့ ရက်စွဲနဲ့ အသိပေးထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်က အခုကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိတဲ့ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်နဲ့ ဆောင်ရွက်ပေးလျက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုရွေးကောက်ပွဲကာလမှာ မှတ်ပုံတင် ပျက်ဆီး/ပျောက်ဆုံးသူတွေ မဲပေးပိုင်ခွင့် အခွင့်အရေး မဆုံးရှုံးစေရေးအတွက် နိုင်ငံသားကတ်သားတွေကို အထူးကိစ္စတစ်ရပ်အဖြစ် ရုံးပိတ်ရက်မရှိ လုပ်ဆောင်ပေးနေတယ်လို့ ကြေညာတာပါ။

ဒါကြောင့် မှတ်ပုံတင် ပျက်ဆီး/ပျောက်ဆုံးသူတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ် လဝကရုံးတွေနဲ့ ဆက်သွယ်ဆောင်ရွက်ကြဖို့နဲ့ နိုင်ငံသားကတ်ပြားတွေကို ဥပဒေနဲ့အညီ အမြန်ဆုံး စိစစ်ဆောင်ရွက်ပေးနေတယ်လို့ အသိပေးထားပါတယ်။

မှတ်ပုံတင် ပျက်ဆီး/ပျောက်ဆုံးမှုမရှိဘဲ ပျက်ဆီး/ပျောက်ဆုံးမှုကို အကြောင်းပြကာ ထပ်မံတင်ပြတောင်းခံပြီး နိုင်ငံသားကတ်ပြားတစ်ခုထက် ပိုမိုကိုင်ဆောင်ပါက ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခံရမယ်လို့ သတိထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင် လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ အခုရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပေါင်း ၂၄ ဒသမ ၂၆ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

