မော်လမြိုင် ၊ ဇန်နဝါရီ ၃၃
အခုနှစ်ဆန်းပိုင်းအတွင်း စစ်တပ်က ရွေးကောက်ပွဲကို အပြီးသတ်ကျင်းပဖို့ ကျန်ရှိနေချိန်မှာ နွေဦးတော်လှန်ရေးရဲ့ တပ်ဦးဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်အနိုင်တိုက်မယ်လို့ ၂၀၂၆ နှစ်ဦးမှာ ကြွေးကြော်လာပါတယ်။
ဇန်နဝါရီ ၁ ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ၂၀၂၅ စစ်ရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေ အစီရင်ခံစာမှာ စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်မယ်လို့ ရှေ့လုပ်ငန်းစဉ်နဲ့ ရှေ့အလားအလာအဖြစ် ထည့်သွင်းဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ် ဩဂုတ်လအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်မှူးကြီးများ အစည်းအ ဝေးကို သုံးရက်တာ ကျင်းပခဲ့ပြီး မဟာဗျူဟာမြောက် ရည်မှန်းချက်တွေနဲ့ လမ်းစဉ်တွေကို ကာ ကွယ်ရေးဝန်ကြီးဌာနသို့ တင်ပြခဲ့ပြီး အဲဒီကနေ အမျိုးသားကာကွယ်ရေးမဟာဗျူဟာကို အတည်ပြုချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုနှစ်တွင်းမှာလည်း တပ်မှူးကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပပြီး စစ်အနိုင်တိုက်နိုင်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမှာဖြစ်ပြီး ၂၀၂၆ မှာ မိမိတို့ အခြေအနေနဲ့ ရန်သူ့အခြေအနေကို သေချာချိန်ဆကာ မဟာဗျူဟာနဲ့အညီ မျှော်မှန်းထားတဲ့ တော်လှန်ရေးအရွေ့ကို အစီအစဉ်တကျ ဖန်တီးဖော်ဆောင်သွားဖို့ ရည်မှန်းထားတယ်လို့ အသိပေးတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်က လက်ရှိမှာ စစ်တပ်က ရွေးကောက်ပွဲအတွက် လုံခြုံရေးနဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တပ်လှန့်ထားရတဲ့ အနေအထားမျိုးမှာ တော်လှန်ရေးအဖွဲ့တွေဘက်က လိုအပ်တဲ့ ခဲယမ်းတွေကို စုပုံပြီး တိုက်မယ်ဆိုရင် အကောင်းအဆုံးလို့ သုံးသပ်ပါတယ်။
“စစ်တိုက်တာက လွယ်တယ်။ အဓိက ခဲယမ်း ရိက္ခာ၊ အင်အား၊ ဆေးဝါးပေါ့။ဒါတွေ စုပုံပြီးတော့ စီမံချက်ချပြီး တိုက်မယ်ဆိုရင်တော့ ၂၀၂၆ မှာလည်း ဆက်ပြီးတော့ အောင်ပွဲက ရမှာပဲ။ဘာလို့လဲဆိုတော့ အခုဒီ နှစ်ကူးစစချင်းမှာတင် ဗန်းမော်၊ ကသာဘက်မှာ တိုက်စစ်တွေ ပြန်ဖွင့်လာနိုင်တဲ့ အနေ အထားမျိုးတွေက ခဲယမ်းစုရတဲ့ အနေအထားပေါ့။ အဲဒီတော့ တိုက်လို့ အကောင်းဆုံးအချိန်က ရွေးကောက်ပွဲလုပ်နေတဲ့ အချိန်က တိုက်လို့ အကောင်းဆုံးပဲ။ ရွေးကောက်ပွဲပြီးသွားရင် သူတို့အတွက် (စစ်တပ်) ပြင်ဆင်ချိန် ပိုပြီး ရသွားမယ်။ အခုလောဆယ်က သူတို့ မနိုင်မနင်းဖြစ်နေတယ်။မဲရုံတွေကိုလည်း လုံခြုံရေးလုပ်ရတယ်၊ သူတို့ရဲ့ တပ်ရင်း တပ်ဖွဲ့တွေက တပ်အသင့်ဆိုပြီး တပ်လှန့်ထားရတဲ့ အနေအထားမျိုးတွေ ရှိတယ်”လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ခဲယမ်းမီးကျောက်ရှာဖွေရရှိမှု လျော့ကျတာ၊ စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ ရဲဘော်တွေ အနားမရတာ စတဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြုံတွေ့ခဲ့ရတယ်လို့ အစီရင်ခံ စာကနေ အသိပေးထားတာပါ။
ခဲယမ်းအကန့်အသတ်တွေကြောင့် အချို့စစ်ဆင်ရေးစီမံချက်တွေကို အစီအစဉ်အတိုင်း အကောင်အ ထည်မဖော်နိုင်ခဲ့သလို အချို့မြို့တွေမှာ ခွာစစ်ဆင်ခဲ့ရတာ ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကလည်း စစ်ရေးကဏ္ဍမှာ ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ နိုင်ငံ ရေးသဘောထားတွေဟာ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် သက်ဆိုးရှည်အောင် အားပေးလုပ်ဆောင်သလို ဖြစ်နေတယ်လို့ နှစ်သစ်ကူးမိန့်ခွန်းမှာ ထုတ်ပြောထားတာပါ။
အာဏာသိမ်း စစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီတွေ ပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပေးနေခြင်းကြောင့် ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေတချို့ ပြန်လည်လက်လွှဲခဲ့ရတာတွေလည်း ရှိတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ စစ်တပ်ဘက်က ဇန်နဝါရီ ၁၁ ရက်နေ့မှာ မြို့နယ် ၁၀၀ နဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ၆၃ မြို့နယ်အတွင်း ရွေးကောက်ပွဲအပိုင်းနှစ်ပိုင်းကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး မတ်လကုန်မှာတော့ အစိုးရသစ်တစ်ရပ် ပြောင်းလဲဖွဲ့စည်းဖို့ ပြင်ဆင်ထားတာပါ။
ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အမည်ခံအစိုးရကလည်း စစ်တစ်ပိုင်းအစိုးရလို့ နိုင်ငံရေးအကဲခတ်တွေကြား ဝေဖန်နေကြပြီး စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကသာ အစိုးရဖွဲ့နိုင်မယ့် အခြေအနေမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ အပိုင်း ၁ ရွေးကောက်ပွဲမှာ နိုင်သူအကုန်ယူစနစ် FPTP မဲရေတွက်မှုရလဒ်တွေအရ မြို့နယ်အများအပြားမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဦးဆောင်နေသလို အဲဒီပါတီကနေ စစ်ယူနီဖောင်းချွတ် ထိပ်ပိုင်းဗိုလ်ချုပ်တွေ ဝင်ရောက်ယှဉ်ပြိုင်ကြတာလည်း ရှိနေတာပါ။
ကျန်တဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီက မြို့နယ်တချို့မှာသာ မဆိုသလောက် အနိုင်ရရှိခဲ့ပြီး ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီကတော့ တစ်နေရာမှာ အနိုင်မရရှိခဲ့ပါဘူး။
ဒီအခြေအနေမှာ CDM ဗိုလ်ကြီး ဇင်ယော် သုံးသပ်တာက ရွေးကောက်ပွဲပြီးလို့ ခေါ်ယူမယ့် လွှတ် တော်ဟာ စစ်တပ်ရဲ့ ကိုယ်ပိုင်လွှတ်တော်ပုံစံမျိုးဖြစ်လို့ အဲဒီရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တိုက်တာမျိုး ဦး တည်လာနိုင်တယ်လို့ ပြောပါတယ်။
“ရွေးကောက်ပွဲပြီးသွားရင် သူတို့က အဲဒီလွှတ်တော်က စစ်တပ်ရဲ့ ကိုယ်ပိုင်လွှတ်တော်ပုံစံမျိုး ဖြစ်သွားနိုင်တယ် ဆိုတာထက် ဖြစ်သွားမှာပေါ့နော်။ အဲဒီတော့ သူက လွှတ်တော်ထဲကနေ ဆုံးဖြတ်ချက်နဲ့ စစ်တိုက်တယ်ဆိုတဲ့ ပုံစံမျိုးကို ဦးတည်လာနိုင်တယ်။ပြီးရင် သူတို့ရဲ့ စစ်ရေးအဆုံးအဖြတ်တွေကလည်း လွှတ်တော်ကို အယောင်ပြပြီးတော့ ဆုံးဖြတ်မှုတွေ ရှိလာနိုင်တယ်”လို့ ဆိုပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနကတော့ နိုင်ငံရေးနဲ့ စစ်ရေး အခင်းအကျင်း ပြောင်းလဲမှုတွေကြား ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ပိုမိုခိုင်မာ အားကောင်းလာစေရေး တပ်တည်ဆောက်ရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဘဏ္ဍာရန်ပုံငွေနဲ့ စစ်လက်နက်ပစ္စည်း အရင်းအမြစ် စုဆောင်းရေး လုပ်ငန်းတွေကိုလည်း အရင်နှစ်ထက် ပိုမိုအားစိုက် ထမ်းဆောင်မှာဖြစ်ပြီး စစ်ကာလ နိုင်ငံရေးဟာ စစ်အောင်နိုင်ရေးပင် ဖြစ်တယ်လို့ ယုံကြည်ထားတာပါ။
အဲဒီ ယုံကြည်ချက်နဲ့အညီ နိုင်ငံရေးနဲ့ စစ်ဗျူဟာတွေ မှန်ကန်စေရေး ကြိုးပမ်းပြီး မဟာမိတ်တွေနဲ့အတူ မဟာဗျူဟာမြောက် စုစည်းညီညွတ်မှုကို တည်ဆောက်သွားမယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဟာ ၂၀၂၅ ခုနှစ် ဒီဇင် ဘာအထိ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို အပြည့်အဝ သိမ်းပိုက်ထားတဲ့အပြင် မြို့နယ်ပေါင်း ၄၁ မြို့နယ်ကိုလည်း ဆက်လက်ဝိုင်းပတ် ထိန်းချုပ်ထားဆဲ ဖြစ်ပါတယ်။
လက်ရှိမှာ မံစီ၊ ဖလမ်း၊ အင်းတော်၊ ဗန်းမောက်နဲ့ မောတောင်မြို့တွေကို အပြည့်အဝ သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဗန်းမော်၊ ကျောက်ဖြူ၊ ဖာပွန်၊ ကသာနဲ့ ဆင်ဖြူကျွန်းမြို့တွေမှာလည်း ရန်သူ့တပ်တွေကို ပြင်းထန်စွာ ဖိအားပေး တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စစ်တောင်းမြစ်ဝှမ်းလွင်ပြင်ဒေသ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းအပိုင်းနဲ့ မွန်-တနင်္သာရီ အမှတ် ၈ ပြည်ထောင်စုကြီးလမ်းမတို့ကို စိုးမိုးထိန်းချုပ်နိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နယ်စပ်မြို့တွေ စိုးမိုးမှုနဲ့ ပတ်သက်ပြီး ကချင်၊ ရခိုင်၊ ချင်း၊ ကရင်နဲ့ တနင်္သာရီဒေသရှိ နယ်စပ်ကုန် သွယ်ရေးစခန်းတွေနဲ့ လမ်းကြောင်းတွေကို တော်လှန်ရေးအဖွဲ့တွေက အောင်မြင်စွာ ထိန်းချုပ်ထားနိုင်ခဲ့ပြီလို့ အစီရင်ခံစာမှာ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-NUG

