ရောမ၊ ဇန်နဝါရီ ၂
ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ၂၀၂၆ ခုနှစ် နှစ်သစ်မှာ စစ်ပွဲတွေကြောင့် သွေးစွန်းနေတဲ့ နိုင်ငံတွေနဲ့အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရနေကြတဲ့ မိသားစုတွေအတွက် ငြိမ်းချမ်းရေး ရရှိ စေဖို့ ဇန်နဝါရီ ၁ ရက်က ပန်ကြားခဲ့ပါတယ်။
နှစ်သစ်ကူး အခါသမယမှာ စိန့်ပီတာ ဘုရားကျောင်းမှာ ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ပြီး ဘုရားဖူးတွေ၊ ကမ္ဘာလှည့်ခရီးသွားတွေ အများအပြား လာရောက်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့ဟာ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့ ဖြစ်ပြီး ကမ္ဘာကြီး တည်ငြိမ် အေးချမ်းစေဖို့ ဆုတောင်းရမှာ ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။
ပဋိပက္ခတွေကြောင့် သွေးစွန်းနေတဲ့ နိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်ခံနေရတဲ့ မိသားစုတွေအတွက် မိမိတို့ အတူတကွ ဆုတောင်းကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပါတယ်။

ပုပ်ရဟန်းမင်းကြီး လီယို ၁၄ ဟာ ခရစ္စမတ်ကာလမှာ အလုပ်များနေပြီး ဇန်နဝါရီ ၆ ရက်မှာတော့ ဘုရားကျောင်းရဲ့ အားလပ်ရက် ဆင်နွှဲမှာ ဖြစ်ပါတယ်။
အဲဒီနောက် သူ့ကို ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ် တင်မြှောက်ခဲ့တဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတွေနဲ့ နှစ်ရက်ကြာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်း အဆက်အဆက်က ကမ္ဘာကြီး ငြိမ်းချမ်းရေး အကြိမ်ကြိမ် တိုက်တွန်း နှိုးဆော်ခဲ့သလို ဆုတောင်းပေးမှုတွေ ရှိနေပေမယ့် ကမ္ဘာတဝှမ်း ပဋိပက္ခတွေ ပိုများလာနေပါတယ်။
လက်ရှိ ပုပ်ရဟန်းမင်းကြီး လီယို ၁၄ က ပြည်တွင်းစစ်အတွင်း ဒုက္ခရောက်နေရတဲ့ မြန်မာ ပြည်သူတွေကို မေ့မထားကြဖို့လည်း အရင်က တိုက်တွန်း ပြောကြားခဲ့ဖူးပါတယ်။
ဒီကနေ့ ကမ္ဘာတဝှမ်းမှာ ယူကရိန်း-ရုရှား၊ ဂါဇာ၊ တောင်ဆူဒန်၊ ယီမင်နဲ့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွေ အများကြီးမှာ ဆိုးရွားတဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေပြီး အပြစ်မဲ့ ပြည်သူ အများအပြား သေဆုံးနေရပါတယ်။
ငြိမ်းချမ်းရေးဆိုတာ အင်အားနဲ့ တည်ဆောက်ယူလို့ရတဲ့ အရာမဟုတ်ဘဲ တစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ မေတ္တာတရားအပေါ် အခြေခံတဲ့ ဘုရားသခင်ရဲ့ လက်ဆောင် ဖြစ်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီး လီယိုက ပြောပါတယ်။
သူက လက်ရှိ ကမ္ဘာတဝှမ်းမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ ကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုပြီး စိတ်ကောင်း စေတနာရှိသူတွေ အားလုံး စုစည်းကြဖို့ အချိန်တန်ပြီ လို့ ပြောပါတယ်။
Ref:AP

