ဘာလင်၊ ဒီဇင်ဘာ ၆

ရုရှားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ မြင့်တက်လာချိန်မှာ ဂျာမနီက စစ်တပ် လူအင်အားကို ဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး စစ်မှုထမ်းတွေ ပိုမိုခေါ်ယူမယ့် အစိုးရရဲ့ အစီအစဉ်ကို ဂျာမနီ လွှတ်တော်အမတ်တွေက ဒီဇင်ဘာ ၅ ရက်မှာ သဘောတူ ခွင့်ပြုလိုက်ပါတယ်။

အဲဒီ အစီအစဉ်မှာ လူငယ်တွေကို မလုပ်မနေရ ဆေးဖက်ဆိုင်ရာ စစ်ဆေးမှုတွေလည်း ပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။

စစ်မှုထမ်းအစီအစဉ်ကို ဂျာမနီ အောက်လွှတ်တော် Bundestag က ထောက်ခံမဲ ၃၂၂၃ မဲ၊ ကန့်ကွက်မဲ ၂၇၂ မဲ၊ ကြားနေမဲ ၁ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဖရက်ဒရစ် မာ့ဇ်ရဲ့ အစိုးအဖွဲ့က သြဂုတ်လအတွင်း အတည်ပြုခဲ့တဲ့ အစီအစဉ်မှာ တိုးမြှင့် ပြင်ဆင်ထားတဲ့ စစ်မှုထမ်းဥပဒေကို လွှတ်တော်က အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

နှစ်များစွာကြာ လျစ်လျူရှုထားခဲ့ပြီးနောက် စစ်လက်နက်က ကိရိယာတွေ အဆင့်တိုးမြှင့်ရေး ဂျာမနီအစိုးရက ဘီလီယံပေါင်းများစွာ သုံးစွဲဖို့ ကတိပြုထားပြီး စစ်သားသစ် အများအပြား စုဆောင်းရေး အာရုံစိုက်ပြီး လုပ်ဆောင်နေပါတယ်။

စစ်တပ် အင်အားတိုးမြှင့်ဖို့ လုပ်ဆောင်နေတာက ဂျာမနီတစ်နိုင်ငံတည်း မဟုတ်ဘဲ ပြင်သစ်ကလည်း လာမယ့်နှစ်ကစလို့ အသက် ၁၈ နှစ်နဲ့ ၁၉ နှစ်အရွယ်တွေ မိမိသဘောနဲ့ တာဝန်ထမ်းဆောင်မယ့် လူငယ် ထောင်ပေါင်းများစွာကို စစ်ပညာသင်ကြားပေးမယ့် စီမံကိန်းတစ်ခုကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ မိတ်ဆက်ခဲ့ပါတယ်။

ကာကွယ်ရေးဝန်ကြီး ဘောရစ် ပစ်တိုးရီးယပ်စ်က မိမိတို့ မဟာမိတ်တွေဟာ ဂျာမနီကို စောင့်ကြည့်နေကြပြီး ဂျာမနီဟာ ဥရောပကာကွယ်ရေးမှာ စံပြဦးဆောင်သူ ဖြစ်နေတယ်လို့ လွှတ်တော်အမတ်တွေကို ပြောထားပါတယ်။

ဥပဒေသစ်နဲ့အတူ မိမိတို့ရဲ့ ကာကွယ်ရေး စွမ်းပကားတိုးမြှင့်ရေး နောက်ထပ် အရေးပါတဲ့ ခြေလှမ်းတစ်လှမ်း လှမ်းချီလိုက်တာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

နှစ်သစ်အစမှာ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်တဲ့ ယောကျ်ားလေးတွေနဲ့ မိန်းကလေးတွေဆီကို သူတို့ရဲ့ စစ်မှုထမ်းလိုတဲ့ ဆန္ဒနဲ့ပတ်သက်လို့ မေးခွန်းတွေ ပေးဖို့မှာ ဖြစ်ပြီး ယောကျ်ားလေးတွေအနေနဲ့ မဖြစ်မနေ ဖြေကြားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

လူငယ်တွေအနေနဲ့ ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့လည်း လိုအပ်မှာ ဖြစ်ပေမယ့် စစ်မှုထမ်းဖို့ ခေါ်ယူဦးမှာတော့ မဟုတ်သေးပါဘူး။

ဂျာမနီစစ်တပ် Bundeswehr က တစ်နှစ်ကို စစ်သားသစ် အင်အား ၃ သိန်း လေ့ကျင့်ပေးနိုင်မယ့် စွမ်းပကား တည်ဆောက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

အတိုက်အခံ လက်ဝဲပါတီ လွှတ်တော်အမတ် ဒီဆီရီ ဘက်ကာက စစ်မှုထမ်းဥပဒေ ပြန်လည် မိတ်ဆက်မှုကို ဆန့်ကျင်ဆန္ဒပြကြဖို့၊ ကိုယ့်သဘောထားနဲ့ ကိုယ်ကန့်ကွက်တာ ဖြစ်ကြောင်း အကြောင်းကြားကြဖို့ လူငယ်တွေကို တိုက်တွန်းထားပါတယ်။

စစ်မှုထမ်း ခေါ်ယူရေး ဥပဒေအပေါ် ကန့်ကွက် ဆန္ဒပြတာတွေကို ကြိုဆိုတယ်လို့ ပစ်တိုးရီးယပ်စ်က ပြောပါတယ်။

ဒါပေမဲ့ အတိုက်အခံတချို့ ပြောဆိုနေတာထက် ပိုများတဲ့ လူငယ်တွေက တာဝန်ယူဖို့ ပြင်ဆင်ထားကြတယ်လို့ သူက ပြောပါတယ်။

မေးခွန်းတွေကို ဖြေဆိုရတာထက် ဘယ်သူကိုမှ ဘာမှ အတင်းအကြပ် လုပ်ဖို့ စေခိုင်းနေတာ မဟုတ်ဘူးဆိုတာကို လူငယ်တွေ ကောင်းကောင်း သဘောပေါက်ပြီး ကျန်းမာရေး စစ်ဆေးတာကလည်း ဘယ်သူ့ကိုမှ ထိခိုက်နစ်နာစေမှာ မဟုတ်ဘူးလို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီးက ဖြည့်စွက် ပြောပါတယ်။

စစ်မှုထမ်းဖို့က ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်ရမှာ ဖြစ်ပြီး မိမိတို့ မျှော်လင့်ထားတဲ့ အတိုင်း ဖြစ်နေသရွေ့ ဘာမှ မပြောင်းအလဲ ရှိမှာ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။

ဒါပေမဲ့ အဲဒီ အခြေအနေအတိုင်း မလုံလောက်ဘဲ ခြိမ်းခြောက်မှုတွေ ပိုဆိုးလာရင်တော့ တစ်စိတ်တစ်ပိုင်း စစ်မှုမထမ်း မနေရ စစ်မှုထမ်းဖို့ ခေါ်ယူရနိုင်တယ်လို့ ဂျာမနီ ကာကွယ်ရေးဝန်ကြီး က ပြောဆိုထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.