မြဝတီ၊ ဒီဇင်ဘာ ၃

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့ထဲမှာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်း လုပ်ကိုင်နေသူတွေကို မတွေ့ရတော့ဘဲ အွန်လိုင်းလိမ်လည်မှုတွေလုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့ တရားမဝင်အဆောက်အဦး ၁၀၀ ကျော်ကို ချိပ်ပိတ်သိမ်းဆည်းလိုက်တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ တည်ရှိရာ ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုမြို့သစ်ထဲကို စစ်ကော်မရှင်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် BGF တို့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကတည်းကစပြီး ဝင်ရောက်ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာပါ။

နိုဝင်ဘာ ၃၀ ရက်နေ့မှာ စစ်ကော်မရှင်တပ်က ရွှေကုက္ကိုမြို့ရှိ လူနေအဆောက်အဦးတွေ ဂိုဒေါင်တွေ စတိုခန်းတွေ အားကစားရုံတွေ ဈေးဆိုင်ခန်းတွေနဲ့ အလုပ်သမားတန်းလျား စတဲ့ တရားမဝင် အဆောက်အဦး ၁၀၀ နီးပါးကို ထပ်မံစစ်ဆေးခဲ့ရာ အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ လုပ်ကိုင်နေသူတွေကို မတွေ့ရဘဲ လုပ်ငန်းလုပ်ဆောင်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကိုလည်း တစ်ပါတည်းဖြုတ်သိမ်းယူဆောင်သွားခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရွှေကုက္ကိုနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေ လုပ်ဆောင်ရာမှာ အသုံးပြုခဲ့တဲ့အဆောက်အဦးတွေကို နိုဝင်ဘာ ၁၈ ရက်နေ့ကနေ စတင်စစ်ဆေးခဲ့ရာ နိုဝင်ဘာ ၃၀ ရက်နေ့အထိ တရားမဝင်အဆောက်အဦး ၁၄၀ ကို စစ်ဆေးတွေ့ရှိရပြီး အဲဒီအဆောက်အဦးတွေကို ပြန်လည်အသုံးပြုမှု မရှိစေရေးအတွက် သိမ်းဆည်းချိတ်ပိတ်တာကို ဆောင်ရွက်လျက်ရှိတယ်လို့ စစ်ကော်မရှင်က ဆိုပါတယ်။

ဒီလိုသိမ်းဆည်းချိတ်ပိတ်တာကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၃၀ ရက်နေ့က တရားမဝင်အဆောက်အဦး ၁၈ လုံးကို ထပ်မံချိတ်ပိတ်သိမ်းဆည်းနိုင်ခဲ့ပြီး တရားမဝင်အဆောက်အဦး စုစုပေါင်း ၁၁၉ လုံးကို ချိတ်ပိတ်သိမ်းဆည်းပြီးဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရွှေကုက္ကိုနယ်မြေအတွင်း စုစုပေါင်းဖော်ထုတ်ရှင်းလင်းမှုအရ နိုဝင်ဘာ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ ပြည်ပနိုင်ငံသား စုစုပေါင်း ၁၉၅၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် မြဝတီမြို့တောင်ဘက် KK Park နယ်မြေထဲက အွန်လိုင်းလိမ်လည်မှုနဲ့ လောင်းကစားမှုလုပ်ငန်းတွေမှာ အသုံးပြုတဲ့ တရားမဝင်အဆောက်အဦးတွေကိုလည်း ဆက်လက်ဖြိုချဖျက်ဆီးပစ်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.