နေပြည်တော် ၊ ဒီဇင်ဘာ ၃

ဆန္ဒမဲတွေပေးတဲ့အခါ စစ်တပ်နဲ့ သဟဇာတဖြစ်အောင် လက်တွဲနိုင်သူတွေကိုမဲပေးဖို့ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်မှာ တက်ရောက်နေတဲ့ သင်တန်းသား သင်တန်းသူတွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သွယ်ဝိုက်တဲ့နည်းနဲ့ မဲဆွယ်စည်းရုံးပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့မှာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ်က ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး)နဲ့ ဗဟိုမီးသတ်သင်တန်းကျောင်း (ပြင်ဦးလွင်) တို့က နည်းပြအရာရှိတွေနဲ့ သင်တန်းသား သင်တန်းသူတွေကို ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမမှာ တွေ့ဆုံချိန် ထည့်သွင်းပြောဆိုခဲ့တာပါ။

ဒီမိုကရေစီနိုင်ငံတစ်ခုမှာ ရွေးကောက်ပွဲဟာ အလွန်အရေးကြီးတဲ့အတွက် သူတို့အနေနဲ့ အခုလ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပပြုလုပ်သွားမှာဖြစ်လို့ လွတ်လပ်တရားမျှတ သိက္ခာရှိတဲ့ ရွေး ကောက်ပွဲဖြစ်စေရေး ကြိုတင်ပြင်ဆင်တာတွေကို စီမံဆောင်ရွက်ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲကို နိုင်ငံတော်ရဲ့ လုံခြုံရေးအခြေအနေအရ အပိုင်းသုံးပိုင်းခွဲပြီး ဆောင်ရွက်သွားမှာဖြစ်ကာ မဲမသမာမှုပြုလုပ်လို့ မရနိုင်တဲ့ မြန်မာအီလက်ထရောနစ် မဲပေးစနစ်(MEVM)တွေနဲ့ ဆန္ဒမဲတွေ ပေးနိုင်ရေး စီမံထားတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

သင်တန်းသား သင်တန်းသူတွေအနေနဲ့ ဆန္ဒမဲတွေပေးရာမှာ တိုင်းပြည်နဲ့ ဒေသအကျိုးကို ဆောင် ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လိုက်နာစောင့်ထိန်းနိုင်သူ၊ တပ်မတော်ဟာ နိုင်ငံတည်ရှိသရွေ့ တည်ရှိနေမယ့် အခိုင်မာဆုံးအဖွဲ့အစည်း (Institution) ဖြစ်လို့ တပ်မတော်နဲ့ သဟဇာတဖြစ်အောင် လက်တွဲဆောင်ရွက်နိုင်သူတွေကို ရွေးချယ်ဆန္ဒမဲပေးဖို့ လိုတယ်လို့ ပြောဆိုခဲ့တာပါ။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီဟာ အတူတူမို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုမှုဟာ ကြံ့ခိုင်ရေးပါတီကို မဲပေးပါဆိုတဲ့ ပုံစံမျိုးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူတွေကလည်း တကယ်လို့ စစ်တပ်ကို မကျေနပ်လို့ ဘာမသိ ညာမသိနဲ့ မဲပေးမယ်ဆိုရင်တောင်မှပဲ အစိမ်းကို မကြိုက်ရင် အနီကို ပေးမယ်။အခုဒါတွေက ဘယ်လိုပဲပြောပြော ဒီစစ်တပ်က သူတို့ ကြံ့ ခိုင်ရေးကို မဲပေးပါ ကြံ့ခိုင်ရေးကို မဲပေးပါဆိုတဲ့ ပုံစံမျိုးပဲ။ဘာလို့ဆို ကြံ့ခိုင်ရေးက စစ်တပ်၊ စစ်တပ်ဟာ ကြံ့ခိုင်ရေး။အတူတူပဲ ယူနီဖောင်းပဲ ကွာတယ်၊ ဒီလူတွေချည်းပဲ”လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ စစ်တပ်ကျော‌ထောက်နောက်ခံပြုထားတဲ့ ကြံ့ခိုင်ရေးပါတီကနေ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်မယ့် စစ်ယူနီးဖောင်းချွတ် အရာရှိ ၄၉၀ နီးပါး ရှိနေတာပါ။

ဒါ့အပြင် စစ်တပ်အတွင်းရှိ ဗိုလ်မှူး၊ ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ၁၀ ဦးခန့်ကိုလည်း အငြိမ်းစားယူခိုင်းကာ တစညပါတီကနေ ရွေးကောက်ပွဲပြိုင်ဖို့ ရှိနေတယ်လို့ BNI Myanmar Peace Monitor ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

တစ်ဘက်မှာ စစ်ကော်မရှင်ခန့် တိုင်းနဲ့ ပြည်နယ်အများစုက ဝန်ကြီးချုပ်တွေ အပါအဝင် သက်ဆိုင် ရာဌာနအလိုက် ပြည်ထောင်စုဝန်ကြီးတွေ အများစုကလည်း ရွေးကောက်ပွဲ ဝင်ပြိုင်ကြမယ်လို့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကနေ သိရပါတယ်။

စစ်ကော်မရှင်ခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းတွေအရ တနိုင်ငံလုံးအတိုင်းအ တာနဲ့ ဝင်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ပါတီထဲမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်‌လောင်း တစ်ထောင်ကျော်နဲ့ အများဆုံး ဝင်ပြိုင်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရမယ့် ပါတီကို နိုင်ငံ့အာဏာလွှဲအပ်ပေးမယ်လို့ စစ်ခေါင်းဆောင်က ပြောနေပေမယ့်လည်း သူတို့အနေနဲ့ တစ်ခုခု ချွတ်ချော်သွားမှာကို အရမ်းကြောက်နေတယ်လို့ CDM ဗိုလ် ကြီး ဇင်ယော်က မှတ်ချက်ပြုပါတယ်။

စစ်ကော်မရှင်က သူတို့ ဦးဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲလို့ ကြွေးကြော်နေပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီလို အတိုက်အခံ အင်အားကြီး နိုင်ငံရေးပါတီတွေ မပါဝင်ပါဘူး။

BNI Myanmar Peace Monitor ကတော့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ဖို့ စနစ်တကျ ပြင်ဆင်ထားတဲ့ စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ စစ်ယူနီ ဖောင်းချွတ်အပြောင်းအလဲသာ မြင်တွေ့နိုင်စရာရှိတယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.