ဝါရှင်တန်၊ နိုဝင်ဘာ ၂၁
အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ယူကရိန်းအတွက် ငြိမ်းချမ်းရေး အစီအစဉ်အရ ရုရှားဟာ G7 အဖွဲ့ထဲ ပြန်လည် ဝင်ရောက်ခွင့် ရရှိမှာ ဖြစ်ပြီး အနောက်တိုင်းရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကနေ လွတ်မြောက်မှာ ဖြစ်သလို သိမ်းဆည်းခံထားရတဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှု အများစုကိုလည်း ပြန်လည် ရရှိမှာ ဖြစ်ကြောင်း The Telegraph သတင်းဌာနက ဖော်ထုတ် ရေးသားထားပါတယ်။
စစ်ပွဲ အဆုံးသတ်ရေး အချက် ၂၈ ချက် ပါဝင်တဲ့ အငြင်းပွားစရာ ငြိမ်းချမ်းရေး အစီအစဉ်ကို အမေရိကန်နဲ့ ရုရှားအရာရှိတွေက မကြာသေးခင်က တိတ်တဆိတ် ရေးဆွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ အစီအစဉ်အရ ယူကရိန်း စစ်တပ်အင်အားကို ထက်ဝက် လျှော့ချရမှာ ဖြစ်ပြီး တာဝေးပစ် လက်နက်တွေ ပိုင်ဆိုင်ခွင့် ရရှိမှာ မဟုတ်သလို အထိရောက်ဆုံး တိုက်ခိုက်နိုင်တဲ့ တပ်ဖွဲ့တွေကိုလည်း ဖျက်သိမ်းပေးရမှာ ဖြစ်ကြောင်း အဲဒီ သတင်းဌာနက ဖော်ပြထားပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ထားတဲ့ ခရိုင်းမီးယား ကျွန်းဆွယ်ဒေသကို ရုရှားအပိုင် ဖြစ်ကြောင်း နိုင်ငံတကာ အသိအမှတ်ပြု ခံရမှာ ဖြစ်သလို ယူကရိန်းရဲ့ ဒွန်ဘတ်စ်၊ ဒိုနက်ဇ်နဲ့ လူးဟန့်ဇ် ဒေသတို့ကိုလည်း ရာနှုန်းပြည့် ပိုင်ဆိုင်ခွင့် ရရှိမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတအနေနဲ့ G7 အဖွဲ့ထဲ ပြန်ဝင်ခွင့်ရမှာကြောင့် G8 အဖွဲ့လို့ ခေါ်ဆိုရတော့မှာ ဖြစ်ပြီး အနောက်တိုင်းက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုအားလုံး ရုတ်သိမ်းပေးမှာ ဖြစ်ကြောင်း ထရန့်အစိုးရနဲ့ ရုရှားအရာရှိတွေကြား ကနဦး သဘောတူထားတဲ့ အဆိုပြုချက်မှာ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ကိုယ်စားလှယ်နဲ့ ရုရှားသမ္မတ ကိုယ်စားလှယ်တို့ ညှိနှိုင်းထားတဲ့ အဆိုပြုချက်ကို ပြစ်တင် ရှုတ်ချမှု မရှိတဲ့အတွက် ယူကရိန်းက အထူးသဖြင့် ဗြိတိန်နဲ့ အနောက်တိုင်း လက်တွဲဖော်တွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတယ်လို့ ဆိုပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ထရန့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို ရိုးရိုးသားသား ဆွေးနွေးလိုသေးတယ်လို့ ပြောထားပါတယ်။
ဗြိတိန် ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ လေဘာပါတီ အကြီးတန်း အဖွဲ့ဝင်တွေကတော့ အဲဒီ အစီအစဉ်နဲ့ ပတ်သက်ပြီး အခုထိ ထုတ်ဖော်ပြောဆိုတာမျိုး မတွေ့ရသေးပါဘူး။
သမ္မတ ဇီလန်စကီးက အမေရိကန် အဆိုပြုချက်အတိုင်း လုပ်ဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားပေမယ့် ဆွေးနွေးဖို့ အရင်ကြိုးစားမယ့် သဘော တွေ့ရပါတယ်။
ပြင်သစ် ဦးဆောင်တဲ့ ဥရောပနိုင်ငံတွေက အမေရိကန်သမ္မတဟာ သူ့ရဲ့ နောက်ဆုံး ငြိမ်းချမ်းရေး အဆိုပြုချက်နဲ့အတူ ရုရှားကို ယူကရိန်းက ခုခံတိုက်ခိုက်မှု မလုပ်နိုင်အောင် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၀ ရက်က စွပ်စွဲထားပါတယ်။
Ref:The Telegraph

