မော်လမြိုင် ၊ ဩဂုတ် ၂၇
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ပါတီအများစုဟာ ကိုယ်စားလှယ်လောင်း ရရှိရေးအတွက် အသည်းအသန် ရှာဖွေနေရတယ်လို့ ပါတီတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပသွားမယ်လို့ ကြေညာပြီးနောက် နိုင်ငံရေးပါတီအနေနဲ့ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းရမယ့်နေ့ကို လာမယ့် စက်တင်ဘာ ၈ ရက်နေ့အဖြစ် သတ် မှတ်ထားတာပါ။
စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်း စတင်တင်သွင်းရမယ့်နေ့ကို သတ်မှတ် ပြီးတဲ့နောက် ဒေသတွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ကြပါတီတွေဟာ ကိုယ် စားလှယ်လောင်း ရရှိရေးအတွက် မရရတဲ့နည်းနဲ့ ရှာဖွေနေရတာ ဖြစ်ပါတယ်။
ပြည်သူ့ပါတီရဲ့ မွန်ပြည်နယ်တာဝန်ခံ ဦးအောင်ကိုဝင်းသန်းကတော့ ကိုယ်စားလှယ်လောင်း ရှာဖွေတဲ့နေရာမှာ လက်ရှိနိုင်ငံရေး အခြေအနေ၊ ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်းသွင်းရမယ့် ရက်သတ်မှတ်မှုအပါအဝင် အခက်အခဲ ပေါင်းစုံ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကိုယ်စားလှယ်လောင်း ရှာတဲ့နေရာမှာ အခက်အခဲကတော့ ဘက်ပေါင်းစုံ ရှိတာပေါ့။လက်ရှိနိုင်ငံ ရေး အခြေအနေရယ် နောက်တစ်ခုက ကိုယ်စားလှယ်လောင်း ရှာဖို့ သတ်မှတ်လိုက်တဲ့အချိန်က ကျွန်တော်တို့ ပါတီအနေနဲ့ နည်းနည်းလေး ပြင်ဆင်ထားတာ မရှိတဲ့အခါကျတော့ အခက်အခဲလေးတော့ ရှိတာပေါ့။ ကျွန်တော်တို့က ပါတီပြည့်မီရေးကို ကြိုးစားတဲ့အချိန်မှာက လူကောင်းသူကောင်းလည်း ရရှိအောင် ရပ်ကွက်က ကြည်ညိုလေးစားတဲ့ လူလည်းပါရအောင် အခြားအချက်နဲ့ ပါတီကြီးတစ်ခုအနေနဲ့ ဘောင်ဝင်ရအောင် နဂိုကတည်းက ကြိုးစားလာရတာ ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာ လူရှာရတာ နည်းနည်းလေး ခက်ခဲသွားတယ်”လို့ ဆိုပါတယ်။
ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ ကိုယ်စားလှယ်လောင်း စတင်တင်သွင်းရမယ့် အချိန်ဟာ ဆိုရင် အချိန်တအား နီးကပ်လွန်းတာကြောင့် ပါတီက သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မီသူတွေကို ရှာဖွေရတာကြောင့်လည်း အခက်အခဲ ဖြစ်ရတာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ နေရာမှာ ဥပဒေက ပြဋ္ဌာန်းထားတဲ့ အရည်အချင်းထက် ပါတီက လိုလားတဲ့သူကို လိုချင်တာကြောင့် သတ် မှတ်ချက်တွေနဲ့အညီ စဉ်းစားရွေးချယ်မှု လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ ပြင်ဆင်ထားတာတော့ အဓိကကတော့ ဒီကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ အတွက်ပေါ့နော်။ အခု စနစ်နှစ်မျိုးဆိုလို့ရှိရင် ကျွန်တော်တို့ ဘယ်လိုရွေးချယ်မလဲပေါ့။ နောက်ပြီးတော့ ဒီကိုယ်စားလှယ်တွေရဲ့ အရည်အချင်း တွေပေါ့နော်။ အဓိကက ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ အရည်အ ချင်းထက်ကို ပါတီကလိုလားတဲ့ လွှတ်တော်ကိုယ်စားလှယ် ပုံစံပေါ့။ ကျွန်တော်တို့ သတ်မှတ်ချက်တွေ လုပ်နေတုန်းပေါ့နော်”လို့ ဆိုပါတယ်။
ဒေသတွင်းမှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီအများစုဟာ သူတို့ ပါတီတွေက သတ်မှတ်ထားတဲ့ အချက်အလက်နဲ့ ကိုက်ညီမယ့် ကိုယ်စားလှယ်လောင်းတွေကို ဆက်လက် ရှာဖွေနေပြီး သူတို့ရဲ့ ကမ်းလှမ်းချက်ကိုတော့ အနည်းစုလောက်သာ လက်ခံမှု ရှိတယ်လို့ သိရပါတယ်။
ဒေသတွင်း ရွေးကောက်ပွဲ လေ့လာသူတွေကတော့ အခုလို ကိုယ်စားလှယ်လောင်းတွေ ရှာဖွေရခက်ခဲတာဟာ လုံခြုံရေး အာမခံချက် မရှိတာ၊ စစ်ကော်မရှင်ရွေးကောက်ပွဲအပေါ် ယုံကြည်မှုမရှိတာအပြင် ထွက်ပေါ်လာမယ့် အစိုးရကလည်း စစ်ကော်မရှင်ရဲ့ ရုပ်သေးရုပ် အစိုးရဖြစ်တာကြောင့် သမိုင်း တရားခံမဖြစ်အောင် ရှောင်ကြတာ ဖြစ်နိုင်တယ်လို့ ပြောကြပါတယ်။
ဒါပေမယ့် စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီလို့ လူသိများတဲ့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကတော့ ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းဖို့ အဆင့်သင့်ဖြစ်နေပြီလို့ ပါတီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
တဖက်မှာ စစ်ကော်မရှင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ မွန်ပြည်နယ်ရဲ့ မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေ အဖြစ် သတ်မှတ်ထားပြီး အဲဒီထဲက ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့ပို ရွေးကောက်ပွဲအပိုင်း(၁)အနေနဲ့ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ ပြည်သူ့ပါတီ၊ ပြည်သူ့ ရှေ့ဆောင်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရေစီပါတီ(ကျားဖြူပါတီ)၊ မွန်ညီညွှတ်ရေး ပါတီ၊ အမျိုးသမီးပါတီ(မွန်) အပြင် စစ်ကော်မရှင်နဲ့ နီးစပ်တဲ့ ပါတီတချို့ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media