ဧဒင်ဘာ့ဂ်၊ ဇူလိုင် ၂၉
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ ရုရှားအတွက် နောက်ဆုံး သတ်မှတ်ချိန်ကို အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က လျှော့ချလိုက်ပြီး ဇူလိုင် ၂၈ ရက်ကစလို့ ၁၀ ရက် ဒါမှမဟုတ် ၁၂ ရက်အတွင်း သဘောတူညီရမယ်လို့ ပြောပါတယ်။
ငြိမ်းချမ်းရေး ကြိုးပမ်းမှု တိုးတက်မှု တစ်စုံတစ်ရာ မရှိတာကြောင့် စောင့်နေစရာအကြောင်း မရှိတော့ဘူးလို့ ထရန့်က ပြောပါတယ်။

ဒီလို ကြားဝင် ဖြေရှင်းမှုဟာ အရမ်းအရာရောက်တယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။’
လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က သမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ရက်ပေါင်း ၅၀ အတွင်း စစ်ပွဲကို အဆုံးမသတ်ဘူးဆိုရင် ရုရှားအနေနဲ့ ပြင်းထန်တဲ့ အခွန်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ထရန့်က ပြောကြားခဲ့တာပါ။
စကော့တလန်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ထရန့်က အသစ်သတ်မှတ်လိုက်တဲ့ နောက်ဆုံးရက်ကို ဇူလိုင် ၂၈ ရက် ဒါမှမဟုတ် ၂၉ ရက်မှာ အတည်ပြုသွားမယ်လို့ ပြောပါတယ်။
မော်စကိုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေအပြင် ရုရှားနဲ့ ကုန်သွယ်နေတဲ့ နိုင်ငံတွေကိုလည်း အခွန် ကောက်ခံမှုတွေ ပြုလုပ်သွားမယ်လို့လည်း ထရန့်က ထပ်ပြီး ခြိမ်းခြောက်ခဲ့တာပါ။

ဒီလို နောက်ဆုံးရက် သတ်မှတ်လိုက်တဲ့အတွက် ထရန့်ကို ကျေးဇူးတင်ကြောင်းနဲ့ အချိန်ကိုက် လုပ်ဆောင်မှု ဖြစ်တယ်လို့ သမ္မတ ဇီလန်စကီးက ပြောပါတယ်။
အမေရိကန်သမ္မတရဲ့ ရှင်းရှင်းလင်းလင်း ရပ်တည်မှုနဲ့ ဆိုးရွားတဲ့ စစ်ပွဲကို ရပ်တန့်စေရေး၊လူ့အသက်ပေါင်းများစွာ ကယ်ဆယ်ရေး ဆုံးဖြတ်ချက်ကို ဖော်ပြတဲ့အတွက် ဇီလန်စကီးက ချီးကျူးပါတယ်။
ရုရှားနဲ့ ကုန်သွယ်တဲ့နိုင်ငံတိုင်းအပေါ် အခွန် ၁၀၀ ရာခိုင်နှုန်း တိုးကောက်သွားမှာ ဖြစ်ကြောင်း ထရန့်က ဇူလိုင်လဆန်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ဒီလို လုပ်ဆောင်မယ်ဆိုရင် ကုန်ပစ္စည်းတွေ ဈေးအဆမတန်မြင့်တက်သွားမှာ ဖြစ်တာကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဈေးသက်သာတဲ့ တခြားနိုင်ငံတွေကနေ ဝယ်ယူရမှာ ဖြစ်ပြီး ရုရှား အတွက်ရော သူတို့နဲ့ ကုန်သွယ်တဲ့နိုင်ငံအတွက်ပါ ဝင်ငွေ ဆုံးရှုံးမှာ ဖြစ်ပါတယ်။
စကော့တလန်မှာ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနဲ့ တွေ့ဆုံပြီးနောက် ထရန့်က ယူကရိန်းမှာ ပူတင်ရဲ့ လုပ်ရပ်တွေကို သဘောမကျဘူးလို့ ထပ်ပြီး ပြောဆိုခဲ့ပါတယ်။
ပူတင်က သူ့အပေါ် လိမ်နေတယ်လို့ ခံစားနေရသလားဆိုတာကို သူက ပြောဆိုဖို့ ငြင်းဆန်ခဲ့ပေမယ့် ပူတင်ဟာ သူနဲ့ ဆွေးနွေးချိန်က ပြောဆိုမှုတွေနဲ့ ပြောင်းပြန် လုပ်ဆောင်နေတယ်လို့ ထရန့်က ပြောဆိုထားပါတယ်။
Ref:BBC