မနီလာ၊ ဇူလိုင် ၂၆

ဒုသမ္မတ ဆာရာ ဒူတာတေးအပေါ် စွပ်စွဲပြစ်တင်မယ့် အမှုကို ဖိလစ်ပိုင် နိုင်ငံတော် တရားရုံးချုပ်က တားဆီးလိုက်ပါတယ်။

ဆာရာ ဒူတာတေးဟာ ပြည်သူ့ ရန်ပုံငွေတွေကို တလွဲသုံးပြီး လက်ရှိသမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်မှုကြောင့် သူ့ကို စွပ်စွဲ ပြစ်တင်ရေး ဖိလစ်ပိုင် အောက်လွှတ်တော်က ဖေဖော်ဝါရီလအတွင်း မဲခွဲဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့ တစ်နှစ်အတွင်း စွပ်စွဲပြစ်တင်နိုင်ဖို့ အကြိမ်ရေများစွာ ဆောင်ရွက်မှုကို ဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားတာကြောင့် စွပ်စွဲပြစ်တင်ရေး မဲခွဲဆုံးဖြတ်မှုဟာ ဥပဒေချိုးဖောက်ရာကျတယ်လို့ တရားရုံး ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၅ ရက်မှာ ပြောပါတယ်။

ဆာရာ ဒူတာတေး ရင်ဆိုင်နေရတဲ့ စွဲချက်တွေကို ပယ်ချလိုက်တာ မဟုတ်ဘူးလို့ ဇူလိုင် ၂၅ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တရားရုံးက ပြောပါတယ်။

ဒါပေမဲ့ တရားရုံးရဲ့ အခုလို ဆုံးဖြတ်ချက်ကြောင့် သူ့အနေနဲ့ အနည်းဆုံး ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမတိုင်ခင် ရာထူးက ထုတ်ပယ်ခံရနိုင်တဲ့ အခြေအနေကနေ သက်သာရာ ရခဲ့ပါတယ်။

ဒီအခြေအနေကြောင့် သူ့အနေနဲ့ ၂၀၂၈ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင် အရေးကြီးတဲ့နှစ်တွေမှာ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်ရေး ထောက်ခံမှု ရရှိအောင် လုပ်ဆောင်ဖို့ အချိန်ပိုရစေခဲ့ပါတယ်။

သူ့ကို စွပ်စွဲပြစ်တင်ဖို့ မဲခွဲဆုံးဖြတ်မှု အတည်ဖြစ်ခဲ့ရင် ဆာရာ ဒူတာတေးအနေနဲ့ သမ္မတ ရွေးကောက်ပွဲ ဝင်ပြိုင်နိုင်တော့မှာ မဟုတ်ပါဘူး။

အရင်က မဟာမိတ်တွေ ဖြစ်ခဲ့ကြတဲ့ ဒူတာတေးနဲ့ မားကို့စ်မိသားစုဟာ ရန်သူတွေအဖြစ် ပြောင်းလဲသွားခဲ့ပြီး ဒုသမ္မတ ဆာရာရဲ့ ဖခင် ရိုဒရီဂို ဒူတာတေးဟာလည်း လူထောင်ချီ သေဆုံးခဲ့တဲ့ သူ့ရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှုနဲ့ ပတ်သက်လို့ နိုင်ငံတကာ တရားရုံးမှာ အမှု ရင်ဆိုင်နေရပါတယ်။

မားကို့စ်ဟာ မူးယစ်ဆေးဝါးစွဲနေတယ်လို့ ရိုဒရီဂို ဒူတာတေးက စွပ်စွဲခဲ့ပြီး ဆာရာ ဒူတာတေးက သူသတ်ဖြတ်ခံရမယ်ဆိုရင် မားကို့စ်ကိုလည်း သတ်ပစ်ဖို့ လူသတ်သမားတွေနဲ့ ဆွေးနွေးထားပြီး ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။

အဲဒီလို ပြောဆိုမှုကြောင့် ဆာရာ ဒူတာတေးကို စွပ်စွဲပြစ်တင်ရေး ကြိုးပမ်းမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.