ဖနွမ်းပင်၊ ဇူလိုင် ၂၆

နယ်စပ် အငြင်းပွားမှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သားတွေအပါအဝင် လူ ၃၀ ကျော် သေဆုံးခဲ့ပြီးနောက် ကမ္ဘောဒီးယားက ထိုင်းနဲ့ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ တောင်းဆိုလိုက်ပါတယ်။

ခြွင်းချက်မရှိတဲ့ သဘောတူညီမှုရရှိရေး မိမိတို့နိုင်ငံက တောင်းဆိုထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ကမ္ဘောဒီးယား သံအမတ်ကြီးက ပြောကြားပြီး အငြင်းပွားမှုကို ငြိမ်းချမ်းစွာ ဖြေရှင်းလိုတယ်လို့ ပြောပါတယ်။

ထိုင်းက ကမ္ဘောဒီးယားရဲ့ အဆိုပြုမှုနဲ့ ပတ်သက်လို့ လူသိရှင်ကြား မှတ်ချက်မပေးသေးပေမယ့် ကြားဝင် ဖြေရှင်းမှု အလိုမရှိဘူးလို့ ပြောဆိုထားပါတယ်။

စောစောပိုင်းမှာ ထိုင်းက ကမ္ဘောဒီးယားနဲ့ ထိစပ်နေတဲ့ ဒေသ ၈ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာခဲ့ပါတယ်။

သူ့ဘက်က စတင် ပစ်ခတ်တာလို့ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲနေချိန် တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေနဲ့ စစ်သား အနည်းဆုံး ၃၂ ဦး သေဆုံးခဲ့ပြီး လူပေါင်း နှစ်သိန်းကျော် စစ်ဘေးရှောင်နေကြရပါတယ်။

ဇူလိုင် ၂၆ ရက်က ကမ္ဘောဒီးယားဟာ မိမိတို့ရဲ့ တောင်ပိုင်း ကမ်းရိုးတန်းရှိ ဒေသအသစ် တစ်ခုကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် မိမိတို့ရေတပ်က ပြန်တိုက်ထုတ်နိုင်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောထားပါတယ်။

ဇူလိုင် ၂၄ ရက် နောက်ပိုင်း အရပ်သား ၁၃ ဦးနဲ့ စစ်သား ၆ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ အရာရှိတွေက ပြောပါတယ်။

လူပေါင်း ၁၄၀၀၀၀ ကို ဘေးကင်းရာ ပြောင်းရွှေ့ထားတယ်လို့လည်း ထိုင်းအရာရှိတွေက ပြောတာပါ။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနက အရပ်သား ၈ ဦးနဲ့ စစ်သား ၅ ဦး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ပြောထားပါတယ်။

ကမ္ဘောဒီးယားမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၃၅၀၀၀၀ ရှိတယ်လို့ သိရပါတယ်။

အပြန်အလှန် တိုက်ခိုက်မှုတွေကြောင့် စစ်ပွဲဆီကို ဦးတည်သွားနိုင်တယ်လို့ ထိုင်းဝန်ကြီးချုပ် ပွမ်သမ် ဝီချာရာချိုင်က ဇူလိုင် ၂၅ ရက်က သတိပေးခဲ့ပါတယ်။

ဒီအတောအတွင်း ကမ္ဘာ့ခေါင်းဆောင်တွေက ကြားဝင် စေ့စပ်ပေးဖို့ ကမ်းလှမ်းထားပေမယ့် တတိယနိုင်ငံ တစ်ခုရဲ့ ကြားဝင် စေ့စပ်ပေးမှုကို အလိုမရှိဘူးလို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.