ရေဖြူ၊ ဇွန် ၂၄

တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ် စစ်ကြောင်းပတ်ထိုးနေတာကြောင့် စစ်ရှောင်နေရတဲ့ ဒေသခံ ၃၀၀၀ ကျော် နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အင်အား ၁၅၀ နီးပါး ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၈ ရက်နေ့ကစလို့ ထားဝယ်ရေနက်ဆိပ်ကမ်းဒေသကနေ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို ရွာစဉ်လှည့်ပြီး စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် စခန်းကြီး၊ ဖွားဘုတ်ပြင်၊ ဘူချိုင်း၊ ပိန်းရှောင်၊ သစ်တိုထောက်၊ ရလိုင်၊ ကျောက်ဝပ်ကုန်း၊ ဝက်ချောင်း၊ ခမောက်ချောင်း၊ ဧကနိကျေးရွာတွေက ဒေသခံ ၃၀၀၀ ကျော် ထွက်ပြေးနေရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ ဘေးလွတ်ရာကျေးရွာတွေအပါအဝင် ဥယျာဉ်ခြံနဲ့ တောတောင်တွေထဲမှာ တိမ်းရှောင်နေရထိုင်နေရပြီး လူသားချင်းစာနာမှု အကူအညီ လိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် စစ်ဘေးရှောင်ပြည်သူတချို့ မိုးမိပြီး တုတ်ကွေးနဲ့ ဌက်ဖျားရောဂါဖြစ်ပွားသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၂၃ ရက်နေ့မှာတော့ ရလိုင်ကျေးရွာအနီးပတ်ဝန်းကျင်မှာ ဆက်ရှိနေပြီး လက်ရှိအချိန်ထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ မရှိသေးပါဘူး။

ဒေသအခြေစိုက် သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi အဖွဲ့ရဲ့ အစီရင်ခံစာအရ တနင်္သာရီ တိုင်းမှာ တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်လူဦးရေ ၈၀၀၀၀ ကျော်အထိ ရှိလာခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.