ပုလဲ၊ ဇွန် ၂၄
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့်နယ်မြေရဲစခန်းသိမ်း တိုက်ပွဲအတွင်း အသက် ၁၅ နှစ်ရွယ် စစ်မှုထမ်း ကလေးစစ်သား တစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ထုတ်ပြန်ပါတယ်။
ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်က အခိုင်အမာတပ်စွဲထားတဲ့ ကန်ဒေါင့်နယ်မြေရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပြီးခဲ့တဲ့ ဇွန် ၂ ရက်နေ့မှာ စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကန်ဒေါင့်ရဲစခန်း မကျရေးအတွက် လေကြောင်းပစ်ကူ အများအပြားနဲ့ တရစပ် ပစ်ကူပေးတဲ့အပြင် လေကြောင်းကနေလည်း စစ်ကူအင်အားအများအပြား ပို့ ဆောင်ပေးနေတဲ့ကြားကနေ ကန်ဒေါင့်ရဲစခန်းကို ဇွန် ၁၉ ရက်နေ့မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က မတရားဖမ်းဆီး ပေါ်တာဆွဲပြီး စစ်မှုထမ်းသင် တန်းကျောင်းကို ပို့ဆောင်ထားတဲ့ ရန်ကုန်မြို့မှာ ဈေးရောင်နေတဲ့ အသက် ၁၅ နှစ်အရွယ် မောင်နေထက်လင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ကောင်းမွန်စွာ စောက်ရှောက်ထားတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က ကန်ဒေါင့်ရဲစခန်းကို ဆက်လက်မခုခံနိုင်တော့တာကြောင့် ဒဏ်ရာရ စစ်သည်တပ်သားတွေကို ထားပစ်ခဲ့တာကြောင့် နောက်ထပ် စစ်မှုထမ်းသင်တန်းဆင်း တပ်သား စိုးတာနဲ့ ရဲကျော်ကျော်အပြင် ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော်တို့ကို ဒဏ်ရာတွေနဲ့ ဖမ်းဆီးရမိခဲ့ပြီး ဆေးဝါးကုသမှုပေးထားတယ်လို့ PLA က ဆိုပါတယ်။
ကန်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း ပြီးခဲ့တဲ့ ဇွန် ၁၀ ရက်နေ့ နေ့လယ်ပိုင်းကလည်း လေကြောင်းပစ်ကူ လာပေးတဲ့ စစ်ကောင်စီရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစ်စီးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက ပစ်ချဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PLA

