မကွေး ဇွန် ၂၃

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မဒဲကျေးရွာကို စစ်ကောင်စီတပ်တွေက ဝင်ရောက် မွှေနှောက်ဖျက်ဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ ပျူစောထီး အင်အား ၁၅၀ ဟာ မဲဇလီရဲစခန်းကနေ မဒဲကျေးရွာဘက်ကို ဇွန် ၂၃ ရက်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတာလို့ သိရပါတယ်။

“လောလောဆယ် မဒဲရွာထဲက ပြည်သူတွေပစ္စည်းတွေကိုခိုးယူနေတယ်။ မရှောင်နိုင်တဲ့ ပြည်သူတွေ အဖမ်းခံရတာရှိတယ်။ ရှောင်တဲ့သူတွေကတော့ ရှောင်နေကြရတာပေါ့။” လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီရဲ့ အင်အား ၁၅၀ ပါ စစ်ကြောင်းက မဲဇလီကျေးရွာ ရဲစခန်းကနေ မဒဲကျေးရွာအထိ ဝင်ရောက်နေသလို ကျောင်းကုန်းကြီးကျေးရွာက ပျူစောထီးတွေကလည်း ပေတောကျောင်းကုန်း ကျေးရွာဘက်ကိုဝင်ရောက်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းကုန်းကြီးကျေးရွာကတဆင့် ရေပုတ်ကလေးကျေးရွာဘက်ကို စစ်ကြောင်းတက်လာတာကြောင့် စစ်ကြောင်းသုံးကြောင်းဟာ မဒဲကျေးရွာဘက်ကို ဦးတည်နေတာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ စစ်ကြောင်းတွေကြောင့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ကနီ၊ မဒဲ၊ အင်းကုန်း၊ ထူးပေါက်၊ ထိန်အိုင်၊ ညောင်ပင်ဝိုင်းက ဒေသခံတွေဟာ ဆွေမျိုးနီးစပ်ရှိရာကျေးရွာတွေကို ရှောင်တိမ်းနေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.