တနင်္သာရီ၊ ဇွန် ၂၃
တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်းရှိ တနင်္သာရီမြို့နယ်နဲ့ ပုလောမြို့နယ်တို့မှာ စစ်ကောင်စီတပ်ရဲ့ ဒုတပ်ကြပ်ကြီးတစ်ဦးနဲ့ တပ်ကြပ်စာရေးတစ်ဦး အပါအဝင် စစ်မှုထမ်းသင်တန်းဆင်း တပ်သားလေးဦး အလင်းဝင်ရောက်လာခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
တနင်္သာရီမြို့နယ် အောက်ကင်းကျေးရွာအခြေစိုက် အမှတ် ၅၅၇ ခြေမြန်တပ်ရင်းက စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးနဲ့ ပုလောမြို့နယ် ဘုတ်ခြံအခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းက စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တာပါ။

ဇွန် ၂၁ ရက်နေ့မှာ ပုလောမြို့နယ် ဘုတ်ခြံအခြေစိုက် ခလရ ၁၇ က တပ်ကြပ်ကြီးစာရေး (အကူ)တစ်ဦးနဲ့ ဒုတပ်ကြပ်ကြီးတစ်ဦးဟာ MA 2 စက်ကလေး သေနတ် တစ်လက်၊ လက်ပစ်ဗုံးနှစ်လုံး၊ M14 နင်းမိုင်းတစ်လုံး၊ ကျည်ဘောက် ၁၅ ခုနဲ့ ကျည်ဆံ ၇၉၀ တောင့်နဲ့ မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နှစ်ဦးဟာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း အခြေခံစစ်သင်တန်း အပတ်စဉ် ၂ မှာ အတင်းအဓမ္မ တပ်သား စုဆောင်းခံရသူဖြစ်ပြီးနောက် ခလရ ၁၇ မှာ တာဝန်ထမ်းဆောင်နေရတာ ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် အောက်ကင်းအခြေစိုက် ခမရ ၅၅၇ တပ်ရင်းက စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးဟာ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ထံ ဆက်သွယ်အလင်းဝင်ခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ ရန်ကုန်တိုက်ကြီး ဂျိုးဖြူအမှတ် ၁ စစ်သင်တန်း လေ့ကျင့်ရေးကျောင်းက အပတ် ၁ နဲ့ အပတ်စဉ် ၉ သင်တန်းဆင်း တပ်သားတွေဖြစ်ပြီး MA 3 သေနတ်တစ်လက်၊ ကျည်ဘောက်လေးခု၊ ကျည်ဆံ ၁၂၀ တောင့်နဲ့ အလင်းဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်နေ့ကလည်း ပုလောမြို့နယ်အခြေစိုက် အမှတ် ၁၇ ခြေလျင်တပ်ရင်းက စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – PDF

