မြဝတီ၊ ဇွန် ၂၃

ကရင်ပြည်နယ် မြဝတီခရိုင် ထိုင်း-မြန်မာနယ်စပ်အနီးရှိ စစ်ကောင်စီတပ်ရဲ့ ထီးကပလယ်စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ထီးကပလယ်စခန်းကို ဇွန် ၈ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့က စတင်ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။

ထီးကပလယ်စခန်းကို ဇွန်လ၂၂ ရက်နေ့မှာ KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့တို့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

KNU ဟာ မာနယ်ပလောဌာနချုပ်ကနေ ဆုတ်ခွာခဲ့ရပြီးတဲ့နောက်ပိုင်း ထီးကပလယ်စခန်းကို ၁၉၉၅ ခုနှစ် မေလကနေစတင်ကာ KNU ဌာနချုပ်သစ်အဖြစ် ပြောင်းရွှေ့တည်ထောင်ခဲ့ပေမယ့် ၂ နှစ်မပြည့်မီ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က ထပ်မံကျူးကျော်တိုက်ခိုက်သိမ်းပိုက်မှုကို ခံခဲ့ရတာလို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ ကရင်ပြည်နယ် မြဝတီခရိုင် ဝေါ်လေ စုကလိဒေသထဲမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို KNLA KNDO PDF ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ရှင်းလင်းလျက်ရှိရာ အခုအခါမှာတော့ ဝေါ်လေမြို့အခြေစိုက် ဗျူဟာစခန်းတစ်ခုအပါအဝင် ဥကရစ်ထစခန်းနဲ့ ထီးသဲလေကာကင်းစခန်းတို့သာ ကျန်ရှိတော့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.