မော်လမြိုင် ၊ ဇွန် ၂၂

မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲအတွင်း မဲပေးနိုင်ဖို့အတွက် ပန်းခင်းစီမံချက် အဆင့်(၃)နဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေ ဆက်လက်ပြုလုပ်ပေးနေတယ်လို့ စစ်ကောင်စီရဲ့ ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။

မဲပေးခွင့်ရှိတဲ့ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် မွန်ပြည်နယ်မှာ ပန်းခင်းစီမံချက်နဲ့ လျာထားတဲ့ ရာနှုန်းပြည့်မီအောင် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီခန့် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဝင်တွေနဲ့ တွေ့ဆုံညှိနှိုင်းတဲ့ အစည်းအ‌ဝေးမှာ သူ့လက်အောက်ခံ ဌာနဆိုင်ရာတွေကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မဲပေးခွင့်ရှိတဲ့ အသက် ၁၈ နှစ်ပြည့်လာမယ့်သူတွေကိုလည်း ပန်းခင်းစီမံချက်အဆင့်(၃)နဲ့ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း ၁၉၀၀၀ ကျော် ထုတ်ပေးဖို့အတွက်လည်း လျာထား ဆောင်ရွက်လျက်ရှိတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ်ဒေသခံ တစ်ဦးကတော့ စစ်ကောင်စီက ပြည်သူတွေကို နိုင်ငံသား စိစစ်ရေးကတ်ပြားတွေ ထုတ်ပေးနေတာဟာ ပြည်သူတွေကို စေတနာရှိလို့ လုပ်ဆောင်ပေးတာ မဟုတ်ဘဲ သူတို့ကိုမဲထည့်ဖို့အတွက် လုပ်ပေးနေတာသာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ဒါက ရှင်းပါတယ်။ ဦးသိန်းစိန်လက်ထက်တုန်းကလည်း အဲဒီလိုပဲ။ ၁၈ နှစ် ပြည့်ပြီးသာသူတွေကို မဲထည့်ဖို့ မှတ်ပုံတင်မရှိတဲ့အတွက် စမတ်ကတ်လေးတွေ ထုတ်ပေးတာတွေ ရှိတယ်။ ဒါကလည်း သူတို့အတွက် သူတို့မဲရဖို့အတွက် သူတို့ လုပ်တာ၊ ပြည်သူကို စေတနာရှိလို့ လုပ်ပေးတာမဟုတ်ဘူး။ ဒီဟာက အဓိကတော့ ၁၈ နှစ် ပြည့်ပြီးသားသူသည် ဒီကတ်ထုတ်ပြီး ဒီကတ်နဲ့ မဲပေး မဲပေးရင် ဘယ်သူ့ကိုပေး အဲဒီလိုပုံစံမျိုးပေါ့။ အဓိကတော့ သူတို့အတွက် သူတို့ လုပ်ကြတာကြီးပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ် လုပ်ပေးတဲ့နေရာမှာတော့ စစ်ကောင်စီကို ထောက်ခံသူတွေ၊ စစ်ကောင်စီဘက် ရပ်တည်တဲ့ နိုင်ငံရေးပါတီက သူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ နီးစပ်သူတွေကိုသာ အဓိကပြုလုပ်ပေးနေတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

အမည်မဖော်လိုတဲ့ မွန်ပြည်နယ်ဒေသခံ နောက်တစ်ဦးကလည်း နိုင်ငံသားစိစစ်ရေးကတ်ပြား လုပ်ပေးတဲ့နေရာမှာ သူတို့ကို မဲပေးနိုင်တဲ့သူတွေကိုသာ ဦးစားပေးလုပ်ဆောင်ပေးတာဖြစ်ပြီး ဘာသာ ခြားနဲ့ သွေးနှောတွေကိုတော့ ငွေကြေးအဆမတန် ပေးဆောင်မှသာ လုပ်ပေးတာဖြစ်တယ်လို့ ပြောပါတယ်။

“မှတ်ပုံတင်ကတော့ လုပ်ပေးတယ်။ လုပ်ပေးတယ်ဆိုတာက သွေးနှောတွေမပါဘူး။ သူတို့ဘက်ကို ဦးစားပေးပြီးတော့ မဲပေးနိုင်မယ့်လူတွေကိုပဲ အဓိကထားပြီးတော့ လုပ်ပေးတာများတာပေါ့။ ကြည့်ရသလောက်ကတော့ ဒီနိုင်ငံမှာနေတဲ့ နိုင်ငံသားတိုင်းက တကယ်တန်းကျတော့ နိုင်ငံသားတိုင်း နိုင်ငံ သား စိစစ်ရေးကတ်ကို ကိုင်ဆောင်ခွင့် ပေးရမှာလေ။ အခုက သူတို့လိုအပ်တဲ့ သူတွေလောက်ကိုပဲ ဦးစားပေးလုပ်ခိုင်းပြီးတော့ ကျန်တဲ့ဘာသာခြားတွေ၊ သွေးနှောတွေကို လုပ်ပေးတာကလုပ်လို့တော့ ရတယ်။ သို့သော်ဘယ်လိုလဲဆိုတော့ သုံးသိန်းခွဲ ပေးရမယ်။ လေးသိန်းပေးရမယ်နဲ့ အဲဒါဆို ၂ ရက် ၃ရက်အတွင်းရတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးတဲ့နေရာမှာ နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးပြီး ဖြစ်တာကြောင့် လာမယ့် ရွေးကောက်ပွဲအတွင်း မဖြစ်မနေမဲပေးဖို့ စည်းရုံးပြောဆိုတာတွေရှိတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူတွေနဲ့ လဲလှယ်လျှောက်ထားသူတွေကို ပန်းခင်း စီမံချက် အဆင့်(၃)နဲ့ လုပ်ဆောင်ပေးနေသလို နိုင်ငံသား စိစစ်ရေး ကတ်ပြား ရရှိသူတွေကိုတော့ e-IDစနစ်နဲ့ ကိုယ်ရေး အချက်အလက်တွေ၊ ဇီဝဆိုင်ရာ အချက်အလက်တွေကို ကောက်ယူပြီး ဂဏန်း ၁၀ လုံးပါတဲ့ (Unique ID) နံပါတ်တွေ ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ ရွေးကောက်ပွဲကို ဒီနှစ်ကုန်ပိုင်းနဲ့ လာမယ့်နှစ်အစမှာ လုပ်ဆောင်သွားမယ်လို့ ပြော ဆိုပြီးတဲ့နောက် ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ အာဏာသိမ်းစစ်ကောင်စီက ပြုလုပ်မယ့် တရားမျှတမှုမရှိတဲ့ အထွေထွေရွေး ကောက်ပွဲအပေါ် ပြည်သူတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်တာ မပြုလုပ်ကြဖို့ တော်လှန်ရေး အင် အားစုတွေက တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.