နေပြည်တော် ၊ ဇွန် ၂၂
အပိုင်းလိုက်ကျင်းပမယ့် ရွေးကောက်ပွဲမှာ အသုံးပြုမယ့် မဲပေးစက်တွေ လုံခြုံစွာရွှေ့ပြောင်းပေးနိုင်ရေး တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေအနေနဲ့ နည်းလမ်းတွေရှာပြီး ပံ့ပိုးကူညီပေးကြဖို့ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇွန် ၂၀ ရက်နေ့က နေပြည်တော်ရှိ ကော်မရှင်ရုံးမှာပြုလုပ်တဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးမှာ စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောဆိုခဲ့တာပါ။
မဲဆန္ဒရှင်ပြည်သူတွေ မဲပေးရာမှာ လွယ်ကူစေရေးနဲ့ မဲမသမာမှုတွေ မဖြစ်ပွားစေရေး လာမယ့် ရွေး ကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးစက်တွေ အသုံးပြုမဲပေးနိုင်ဖို့ လိုအပ်တဲ့ မဲပေးစက်တွေကိုလည်း ထုတ်လုပ်နေတယ်လို့ ပြောပါတယ်။
ရွေးကောက်ပွဲကို အပိုင်းလိုက်ကျင်းပသွားမှာဖြစ်လို့ ရရှိလာတဲ့ မဲပေးစက်တွေကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေဆီ သယ်ယူပို့ဆောင်တာ၊ သိုလှောင်ထိန်းသိမ်းတာနဲ့ ပျက်စီးမှုမရှိစေရေး စနစ်တကျ သိမ်းဆည်းစီမံနေတယ်လို့ ဆိုပါတယ်။
ဒီအတွက် တိုင်းနဲ့ ပြည်နယ်အလိုက် မြို့နယ်တစ်ခုနဲ့တစ်ခုကြား သတ်မှတ်ကာလအတွင်း မဲပေးစက်တွေ လုံခြုံစွာစနစ်တကျ ရွှေ့ပြောင်းပေးနိုင်ရေး သက်ဆိုင်ရာ အစိုးရအဖွဲ့တွေအနေနဲ့ နည်းလမ်းတွေ ဝိုင်းဆွေးနွေးပေးဖို့နဲ့ အကောင်အထည်ဖော်တဲ့အခါ ပံ့ပိုးကူညီပေးကြဖို့ ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့တာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော် မတီ အဖွဲ့ခေါင်းဆောင် ဒေါက်တာသီရိမွန်ချမ်းက မဲပေးစက်တွေ အသုံးမပြုနိုင်အောင် လုံခြုံရေးပျက်ပြားစေနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေ စီစဉ်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲကို တစ်လတာအတွင်း အပိုင်းလိုက်ကျင်းပတဲ့အခါ အဓိကအရေးကြီးတဲ့ အီလက်ထရောနစ်မဲပေးစက်တွေကိုလည်း ထိထိရောက်ရောက် အသုံးမပြုနိုင်ဖို့ တစ်နေရာနဲ့ တစ်နေရာသို့ ရွှေ့ပြောင်းသယ်ဆောင်မှု မလုပ်နိုင်ဖို့ ပြည်သူလူထုရဲ့ အသက်အန္တရာယ်ကိုလည်း တိုက်ခိုက်မထိ ခိုက်နိုင်တဲ့ လုံခြုံရေးပျက်ပြားစေနိုင်မယ့် စစ်ရေးလှုပ်ရှားမှုတွေကိုလည်း ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲကို အပြည့်အဝဆန့်ကျင်ရာမှာ ပြည်သူလူ ထုတွေ ပါဝင်လာစေဖို့ တိုက်တွန်းလှုံ့ဆော်ပြီး မဟာဗျူဟာတရပ်ကို ရေးဆွဲသွားမယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက တတိယကြိမ် ညီလာခံကနေ ဆုံးဖြတ်ထားတာပါ။
ရွေးကောက်ပွဲကို ပြည်သူလူထုတွေ မဲသွားမပေးရဲအောင် ပြည်သူတွေရဲ့ အသက်အန္တရာယ် တိုက် ရိုက်မထိခိုက်နိုင်တဲ့ လုံခြုံရေးအခြေအနေ ပျက်ပြားနိုင်တဲ့ စစ်ရေးအရ လှုပ်ရှားမှုနည်းလမ်းမျိုးစုံနဲ့ ပြုလုပ်သွားဖို့ စီမံချက်ချထားတာလို့ ဒေါက်တာသီရိမွန်ချမ်းက ဆိုပါတယ်။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲမှာ မဲပေးစက်တွေ ကိုင်တွယ်အသုံးပြုမယ့် မဲရုံဝန်ထမ်းတွေ ဆင့်ပွားသင်တန်းပေးမယ့် အစီအစဉ်တွေနဲ့ မဲပေးစက်တွေကို ရွှေ့ပြောင်းရာမှာ ကြိုတင်စီမံထားဖို့ လိုအပ်တာတွေကို ညှိနှိုင်းအစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်တာပါ။
မဲပေးစက်ကိုင်တွယ် အသုံးပြုနည်းသင်တန်းတွေ ပို့ချရေးနဲ့ ရွေးကောက်ပွဲအပိုင်းအလိုက် မဲပေးစက်တွေ ရွှေ့ပြောင်းရေးလုပ်ငန်းတွေကို ကော်မရှင်အဖွဲ့ဝင်တွေ တိုင်းနဲ့ပြည်နယ်ဝန်ကြီးတွေ ကျွမ်း ကျင်ပညာရှင်တွေနဲ့ ဆွေးနွေးထားပေမယ့် အသေးစိတ်ကိုတော့ အသိပေးခြင်းမရှိခဲ့ပါဘူး။
ပြည်သူ့ကာကွယ်ရေးတပ်မတော် သထုံခရိုင်တာဝန်ခံ ကိုအေးမင်းထွန်းက စစ်ကောင်စီရဲ့ နိုင်ငံရေးထွက်ပေါက်အတွက် ပြည်သူတွေ ကျွန်သက်ရှည်စေမယ့် ရွေးကောက်ပွဲကိုနည်းမျိုးစုံ ဆန့်ကျင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်သူတွေရဲ့ ဆန္ဒနဲ့ လိုလိုလားလား မဲပေးခဲ့ကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲသည်သာ ကျွန်တော်တို့ရဲ့ တရားဝင် ရွေးကောက်ပွဲဖြစ်တာပေါ့။ အဲဒါကြောင့် စစ်ကောင်စီအနေနဲ့ နိုင်ငံရေးထွက်ပေါက်တစ်ခုအတွက်ကိုပဲ ပြုလုပ်မယ့် ပြည်သူတွေကိုလည်း ကျွန်သက်ရှည်စေမယ့် အတုအယောင်ရွေးကောက် ပွဲတော့ ကျွန်တော်တို့ နည်းမျိုးစုံနဲ့ ဆန့်ကျင်တိုက်ခိုက်သွားမှာဖြစ်ပါတယ်” လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲတွေမှာ မဲလက်မှတ်စက္ကူနဲ့သာ ရွေး ကောက်ခံကိုယ်စားလှယ်တွေကို ဆန္ဒပြုရွေးချယ်ခဲ့ကြတာပါ။ ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီကတော့ ရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် အီလက်ထရောနစ်မဲပေးစက်နဲ့ ဆန္ဒမဲပေးနိုင်ဖို့ ပြောင်း လဲစီစဉ်ခဲ့ပါတယ်။
ဒီအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံမှာ အီလက်ထရောနစ်မဲပေးစက် EVM ဌာနကို ထည့်သွင်းပြီး တိုးချဲ့ဖွဲ့စည်းဖို့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလဆန်းမှာ ပြုလုပ်ခဲ့တဲ့ အစိုးရအဖွဲ့အ စည်းအဝေးကနေ သဘောတူခဲ့ကြတာပါ။
ဖွဲ့စည်းပုံမှာ ရွေးကောက်ပွဲခုံရုံးဌာနကို ဦးစီးအရာရှိရာထူး ၅ နေရာ၊ အမှုထမ်းရာထူး ၂၀ နေရာ ထပ် မံတိုးချဲ့ပြီး သုတေသနနဲ့ မှတ်တမ်းဌာန ကွပ်ကဲမှုအောက်မှာ မဲစာရင်းနဲ့ EVM ဆိုင်ရာဌာနခွဲကို အ ရာထမ်းနဲ့ အမှုထမ်းရာထူး ၂၈ နေရာကိုပါ ထည့်သွင်းတိုးချဲ့ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်တော်လှန်ရေးကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ မြို့ပေါင်း ၉၀ ကျော်ကို လက်လွှတ်ထားရပေမယ့် ရွေးကောက်ပွဲကို နိုင်ငံတဝန်းရှိ မြို့နယ်စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်မှာ ကျင်းပဖို့ လျာထားတာပါ။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ရွေးကောက်ပွဲမဖြစ်အောင် အင်အားသုံးဖျက်ဆီးတဲ့ နည်းတွေရှိသလို ဖြစ်နိုင်ခြေတွေထဲက နည်းလမ်းတွေကို စဉ်းစားလုပ်ဆောင်နေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ရွေးကောက်ပွဲဖြစ်အောင် ဘယ်အစုအဖွဲ့ကမှ အလွယ်တကူ ထိုင်ကြည့်နေမှာ မဟုတ်ဘူး။ အဲဒီတော့ ပုံစံအမျိုးမျိုးနဲ့ ကြိုးစားကြမှာပေါ့နော်။ ဒါကတော့ တိုက်ရိုက်အင်အားသုံးဖျက်ဆီးတဲ့ စနစ်တစ်ခုလည်း ရှိသလို လုပ်လို့ရတဲ့ နည်းလည်းရှိသလို တခြားသောပုံစံမျိုးလည်း စဉ်းစားနေကြတယ်။ဖြစ်နိုင်ခြေတွေထဲကနေ ရှာနေကြတာလည်း ကျွန်တော်တို့ သိထားတယ်။ ဒါပေမယ့် အဲဒီဟာက အခုချိန်မှာ ပြောလို့လည်း မကောင်းဘူးပေါ့။ ဒါက (ရွေးကောက်ပွဲ) မဖြစ်အောင်ပုံစံမျိုးနဲ့တော့ စဉ်းစားလုပ်ဆောင်နေကြတယ်ဆိုတာတော့ ကနဦးပြောလို့ရတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီ တိုးယူထားတဲ့ အရေးပေါ်သက်တမ်းကုန်ဆုံးမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ ချမှတ်မယ့် ဆုံးဖြတ်ချက်အရွေ့ကိုလည်း အရင်စောင့်ကြည့်ရဦးမယ်လို့ ဦးဗညားက ထောက်ပြပါတယ်။
တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ အသိပေးထားသလို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့ အထွေထွေထိုးစစ်ဆင်နွှဲမယ်လို့ ထုတ်ပြောထားတာပါ။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ နယ်မြေအခြေအနေအရ ကန့်သတ်ချက်ရှိတဲ့ နယ် မြေတွေကလွဲရင် တိုင်းနဲ့ ပြည်နယ်တွေအားလုံး ဦးစားပေးအစီအစဉ်အတိုင်း ရွေးကောက်ပွဲကျင်းပဖို့ လျာထားတယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

