နေပြည်တော်၊ ဇွန် ၂၁

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့် ဖွဲ့စည်းရာမှာ နိုင်ငံ့ဝန်ထမ်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်နိုင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဇွန် ၁၉ ရက်နေ့မှာ ပြင်ဆင်ပြဋ္ဌာန်းလိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

တတိယအကြိမ်ပြင်ဆင်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေရဲ့ ပုဒ်မ ၁၄ ကို စစ်ကောင် စီ ဥက္ကဋ္ဌ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ပြဋ္ဌာန်းခဲ့တာပါ။

ပုဒ်မ ၁၄ အရ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ဖွဲ့စည်းရာမှာ အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ်တွေနဲ့ဖြစ်စေ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဖြစ်စေ အနည်းဆုံး သုံးဦးနဲ့ ဖွဲ့စည်းရမယ်လို့ ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ပုဂ္ဂိုလ်တွေထဲက သင့်လျော်သူတစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးရမှာဖြစ်သလို သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကိုတော့ အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမယ်လို့ အစားထိုးပြဋ္ဌာန်းထားတာပါ။

အရင်ဥပဒေမှာတော့ အများယုံကြည်လေးစားခြင်းခံရသူ ပုဂ္ဂိုလ် အနည်းဆုံးသုံးဦးနဲ့ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကို ဖွဲ့စည်းပြီး အဲဒီထဲက တစ်ဦးကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ရပါတယ်။

သက်ဆိုင်ရာ ရွေးကောက်ပွဲအရာရှိကို အတွင်းရေးမှူးအဖြစ် တာဝန်ပေးပြီး နိုင်ငံ့ဝန်ထမ်းတွေကိုတော့ လိုအပ်ရင်အဖွဲ့ဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းနိုင်တယ်လို့ ဖော်ပြထားတာပါ။

ဒါကြောင့် အခုပြင်ဆင်လိုက်တဲ့ ဥပဒေအရ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားအောက်က နိုင်ငံ့ဝန်ထမ်းဟာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်‌ယူလာနိုင်တဲ့အခြေအနေမျိုး ရှိနေပါတယ်။

မွန်ညီညွတ်ရေးပါတီ ပြောခွင့်ရ နိုင်သန်းရွှေက ရွေးကောက်ပွဲအတွက် ကော်မရှင်အဆင့်ဆင့်မှာ နိုင်ငံ့ဝန်ထမ်းတွေ ဥက္ကဋ္ဌအဖြစ် ပါတာ မပါတာ အဓိက မဟုတ်ဘဲ တရားမျှတမှုနဲ့ အများယုံကြည်လက်ခံဖို့ အဓိကအချက်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လက်ရှိ ပြင်ဆင်လိုက်တဲ့ ဥပဒေအရ ကော်မရှင်အဆင့်ဆင့်မှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ဖို့ အခြေအတွေက များတာပေါ့။ ဘာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ဒီအတိုင်းပါပဲ။ နိုင်ငံ့ဝန်ထမ်းတွေ ဥက္ကဋ္ဌနေရာမှာ မရှိပေမယ့်လည်း တကယ့်တကယ် ကြီးကြပ်တဲ့ နေရာတော်တော်များများက နိုင်ငံ့ဝန်ထမ်းတွေပဲ ပါတာများတာကို ကျွန်တော်တို့ တွေ့ရှိရတယ်။ နောက်ပြီးတော့ ကော်မ ရှင်ဆိုတာ အဖွဲ့အစည်းနဲ့ လုပ်နေရတာဆိုတော့ ဒီနိုင်ငံ့ဝန်ထမ်းပါတာလည်း သိပ်ပြီးတော့ မထူးခြားလောက်ပါဘူး။ အဓိက ရွေးကောက်ပွဲဖြစ်မယ် တရားမျှတမှုရှိမယ် လူအများယုံကြည်လက်ခံဖို့ လိုတာပေါ့၊ အဓိကအချက်က အဲဒါပဲ။ကော်မရှင်ဥက္ကဋ္ဌ (နိုင်ငံ့ဝန်ထမ်း) ပါတာ မပါတာတော့ အဓိက မဟုတ်လောက်ဘူးထင်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရထားတဲ့ မွန်ညီညွတ်ရေးပါတီအနေနဲ့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ လောလောဆယ်အထိ ပါတီအတွင်း ဆွေးနွေးထားခြင်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီဘက်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေ ညွန်ကြားချက်တွေကို အတိအကျ ထုတ်ပြန်လာတာ မရှိသေးသလို အရေးပေါ်သက်တမ်းကို ဘယ်လိုဆက်လုပ်သွားမလဲဆိုတဲ့ မရေရာတဲ့အခြေအနေမှာ ပါတီအနေနဲ့ ဘာတစ်ခုမှ မဆုံးဖြတ်ရသေးဘူးလို့ နိုင်သန်းရွှေက ရှင်းပြပါတယ်။

စစ်တပ်အာဏာသိမ်းယူတဲ့နေ့မှာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် တစ်နှစ်ကြေညာခဲ့ပြီးနောက် ၆ လ သက်တမ်းကို နှစ်ကြိမ်အထိ တိုးခွင့်ရှိတဲ့ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ကို ကျော်လွန်ပြီး စစ်ကောင်စီက အကြိမ်ကြိမ် တိုးယူခဲ့တာပါ။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ တိုးယူထားတဲ့ အ‌ရေးပေါ်သက်တမ်း ၆ လဟာ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီ လျာထားတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ အရေးပေါ်သက်တမ်းကုန်ုဆုံးမယ့်နေ့မှာ ခေါ်ယူမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး ဆုံးဖြတ်ချက်အပေါ် မူတည်နေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲမတိုင်ခင် ၆ လအလိုမှာ ကြားဖြတ်အစိုးရတစ်ရပ်ဖွဲ့စည်းပြီး အဲဒီကနေ အသစ်ပြန်လည်ဖွဲ့စည်းမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲကျင်းပပေးရမှာပါ။

ဒီအခြေအနေမှာ စစ်ကောင်စီ ပြင်ဆင်လိုက်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပါ ပုဒ်မ ၁၄ နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက သံလွင်တိုင်းမ်ကို အခုလို ပြောပါတယ်။

“လက်ရှိ ကော်မရှင်ကတော့ အောက်ခြေမှာ ဝန်ထမ်းက အတွင်းရေးမှူးဖြစ်နေတယ်။ ဥက္ကဋ္ဌတော့ ပြင်ပတွေပေါ့လေ။ များသောအားဖြင့်တော့ အငြိမ်းစားတွေ များတာပေါ့။ ဝန်ထမ်းမဟုတ်တော့ဘူးပေါ့။ အဲဒီတော့ တစ်မျိုးလေးတော့ တစ်မျိုးဖြစ်တာပေါ့။ ဆိုတဲ့အခါကျတော့ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီးတော့ ဘာမှ မပြောလိုဘူးလေ။ အခုဟာ တိုင်းပြည်ရဲ့ အခြေအနေက (ရွေးကော်ခွဲ) ဥက္ကဋ္ဌ လုပ်ချင်တဲ့သူက နည်းနည်းလေး ရှားလာတာပေါ့။ ရှားလာတော့ သူတို့ (စကစ) အဲဒါနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းကို ဥက္ကဋ္ဌ တာဝန်ပေးလိုက်တာဟာ ဆီလျော်၏ မဆီလျော်၏ သင့်၏ မသင့်၏ ကောင်း၏ မကောင်း၏ကတော့ ကျွန်တော်လည်း ဝေဖန်ထောက်ပြဖို့ နည်းနည်းလေးတော့ ခက်တယ်ဗျာ”လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေထဲမှာ လွှတ်တော်ရွှေးကောက်ပွဲတွေကို ကျင်းပတာ ကြီးကြပ်တာ မဲစာရင်းပြုစုပြင်ဆင်တာနဲ့ ကြေညာတာတွေလည်း ပါဝင်တယ်လို့ ပုဒ်မ ၁၈ မှာ ဖော်ပြပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေကို ကြီးကြပ်တာအပါအဝင် လျှိူ့ဝှက်ဆန္ဒမဲပေးခြင်းကို ဖော်ဆောင်တာနဲ့ ကော်မရှင်က ထုတ်ပြန်ခွင့်ပြုတဲ့ စာရင်းအချက်အလက်တွေကလွဲရင် တခြားကိစ္စတွေ ပေါက်ကြားခြင်းမရှိဖို့ စောင့်ထိန်းရမှာဖြစ်သလို ဘက်မလိုက်ရဘူးလို့ ပြဋ္ဌာန်းထားတာပါ။

ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွက် စစ်ကောင်စီခန့် ပြည်ထောင်စု ရွေးကောက်ပွဲ‌ကော်မရှင်ရဲ့ လက်ရှိ စာရင်းတွေအရ မဲဆန္ဒနယ် ၂၆၇ မြို့နယ်မှာ ကျင်းပဖို့ ရှိတယ်လို့ အသိပေးထားတာ ဖြစ်ပါတယ်။

အီလက်ထရောနစ်မဲပေးစက်နဲ့ ဆန္ဒမဲပေးရမှာဖြစ်ပြီး မဲများသူအနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR နှစ်မျိုးစလုံးကို ကျင့်သုံးသွားမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာ လွှတ်တော်အလိုက် ဥပဒေ၊နည်းဥပဒေတွေကို ပြဌာန်းထုတ်ပြန်ပေးမယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.