တနင်္သာရီ၊ ဇွန် ၂၂
စစ်ရေးပြင်းထန်လာတဲ့ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့မေလအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသတွင်း သုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်း တနင်္သာရီတိုင်းမှာ အကြောင်းအမျိုးအမျိုးကြောင့် သေဆုံးခဲ့တဲ့ အရပ်သား ၁၃ ဦးရှိပြီး အဲဒီထဲမှာ စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ ၈ ဦးနဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းမှုကြောင့် ၄ ဦး သေဆုံးခဲ့တာပါ။
တစ်ဖက်မှာလည်း အမည်မသိလက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိတာကြောင့် အသက် ၆၀ နှစ်အရွယ် ဦးကြည်လှဟာ ရေဖြူမြို့နယ် သစ်တိုထောင့်ကျေးရွာအနီးရှိ ဥယျာဉ်ခြံလမ်းပိုင်းတစ်နေရာမှာ မိုင်းနင်းမိပြီး သေဆုံးခဲ့ပါတယ်။
စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူအများစုဟာ စစ်တပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်စထိမှန် သေဆုံးခဲ့တာဖြစ်ပြီး အဲဒီထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၃ ဦး ပါဝင်တယ်လို့ FE 5 Thanintharyi တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေရဲ့ ဒလန်ရှင်းလင်းရေးလုပ်ငန်းကြောင့် ပုလောမြို့ပေါ်ရှိ အရက်ဆိုင်မှာ ဝိုင်းဖွဲ့သောက်နေတဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် မေလအတွင်း စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးခဲ့သူဦးရေ ၁၃၇ ဦးထက်မနည်းရှိခဲ့ပြီး ၆၇ ဦးသာ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ဝေခံ ပြည်သူ့စစ်အဖွဲ့တွေရဲ့ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် သေဆုံးသူ ၆ ဦးရှိခဲ့ပြီး အမည်မသိလက်နက်ကိုင်အဖွဲ့တွေရဲ့ လက်ချက်ကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

