တနင်္သာရီ၊ ဇွန် ၂၁

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ပွဲတွေအပြင် ရေကြောင်းနဲ့ လေကြောင်းပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀၀၀၀ ကျော်အထိ ရှိခဲ့တယ်လို့ ဒေသတွင်းသုတေသနအဖွဲ့ဖြစ်တဲ့ FE 5 Thanintharyi ထံက သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်း စစ်ကောင်စီက ထားဝယ်ရေနက်ဆိပ်ကမ်းကို စစ်ကြောင်းထိုးဝင်ရောက်တာအပြင် ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာနဲ့အရပ်သားတွေကို ဖမ်းဆီးမှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၈၀၈၀၀ ကျော်အထိ တိုးလာခဲ့တာပါ။

ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနဲ့ သရက်ချောင်းမြို့နယ်တွေမှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ အရပ်သားပြည်သူ အနည်းဆုံး ၄၁၈၀၀ ကျော် ရှိခဲ့တာ ဖြစ်ပါတယ်။

မြိတ်ခရိုင်အတွင်းရှိ ပုလော၊ တနင်္သာရီ၊ မြိတ်နဲ့ ကျွန်းစုမြို့နယ်မှာလည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာအပြင် လင်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာခဲ့ရသူ အနည်းဆုံး ၃၇၀၀၀ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၂၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာလည်း ထားဝယ်အရှေ့တောဒေသ၊ သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်၊ တနင်္သာရီနဲ့ ပုလောမြို့နယ်တွေမှာ စစ်ကောင်စီဘက်က ဆန်၊ ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို ကန့်သတ်ထားတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်တွေဟာ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ဝမ်းရောဂါနဲ့အရေပြားရောဂါတွေ အဖြစ်များနေပြီး ဆေးဝါးမလုံလောက်မှုကိုပါ ကြုံတွေ့နေတဲ့အပြင် ရက်ရှည် စစ်ဘေးရှောင်တွေဟာ မိုးရွာတဲ့အချိန် အမိုးအကာ မလုံလောက်မှုကြောင့် ပိုမို ဒုက္ခရောက်နေကြတယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလအတွင်းကလည်း တနင်္သာရီတိုင်းမှာ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ ၇၅၃၀၀ ကျော်အထိရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.