ကျုံဒိုး၊ ဇွန် ၃၁
ကရင်ပြည်နယ် ကျုံဒိုးမြို့မှတဆင့် အောင်ဇေယျစစ်ကြောင်းထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ် ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၉ ရက်နေ့က မွန်-ကရင်စစ်ဆင်ရေးအတွင်း KNLA ဦးဆောင်တဲ့ RMA ရာမညမွန်တပ်တော်နဲ့ ပူးပေါင်းတပ်တွေဟာ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးဖို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီရဲ့ တပ်မ(၄၄)၊ (၅၅) တို့နဲ့ အချိန် ၇ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာပါ။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး တပ်ရင်းမှူးအပါအဝင် ၁၀ ဦး နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ကျုံဒိုးမြို့သို့ စစ်ကြောင်းထိုးနေတဲ့အတွက် အနီးတစ်ဝိုက်ကျေးရွာတွေရှိ ဒေသခံပြည်သူတွေအနေနဲ့ ဂရုတစိုက်သွားလာပြီး လက်နက်ကြီး၊ လေယာဉ်တွေရဲ့ အသံနားစွန့်နေထိုင်ကြဖို့ MLA က တိုက်တွန်းထားပါတယ်။
အောင်ဇေယျစစ်ကြောင်းထံ စစ်ကူလာတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရတဲ့ အခြေအနေနဲ့ ပတ် သက်ပြီး စစ်ကောင်စီဘက်က လက်ရှိအချိန်ထိ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MLA

