မော်လမြိုင် ဇွန် ၂၁

မွန်ပြည်နယ်အတွင်းက တော်လှန်ရေးအင်အားစုတွေရဲ့ စိုးမိုးထားတဲ့ နယ်မြေတွေမှာ လက်ရှိ မိုးရာသီကာလအတွင်း ဖြစ်ပေါ် တတ်တဲ့ ငှက်ဖျားရောဂါ အဖြစ်များနေတယ်လို့ နယ်မြေတာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ငှက်ဖျားရောဂါဟာ တောတောင်ရေမြေ အနေအထားကြောင့် တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ ဒေသတွေမှာ တစ်နှစ်ပတ်လုံး ဖြစ်ပွားတတ်ပေမယ့် လက်ရှိမိုးတွင်းကာလမှာ သိသိသာသာ အဖြစ်များလာနေတာပါ။

အခုလို ငှက်‌ဖျားရောဂါ အဖြစ်များလာတာကြောင့် တော်လှန်ရေးအင်အားစု အဖွဲ့ဝင်တွေအပြင် ဒေသခံတွေမှာပါ လုံလောက်တဲ့ ဆေးဝါးကုသမှုတွေ လိုအပ်နေသလို ဆေးဝါးနဲ့ အာဟာရဖြည့်စွက် အစားအစာတွေပါ လိုအပ်နေတာ ဖြစ်ပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ် MSDF မှ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းကတော့ လက်ရှိမိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ငှက်ဖျားရောဂါ တော်တော်များများ ဖြစ်ပွားနေပြီး ငှက်ဖျားရောဂါအတွက် ဆေးဝါးနဲ့အစားအစာတွေ လိုအပ်နေတယ်လို့ ပြောပါတယ်။

“နှစ်တိုင်းလိုလို မိုးဦးကာလမှာ တော်လှန်ရေးအင်အားစုတွေ စိုးမိုးတဲ့ တောတောင်ထူထပ်တဲ့ ဒေသတွေမှာ ငှက်ဖျားရောဂါ အဖြစ်များလေ့ ရှိတယ်။ ဒီနှစ်မှာလည်း စွတ်စိုထိုင်းမှိုင်းပြီး မိုးတွေလည်း အဆက်မပြတ်ရွာနေပြီ ဖြစ်တဲ့အတွက် ငှက်ဖျားရောဂါ တော်တော်များများ ဖြစ်နေကြတယ်၊ ငှက် ဖျားရောဂါဒဏ်အတွက် အဓိက လိုအပ်ချက်က ငှက်ဖျားရောဂါပိုး ခွဲခြား စိတ်ဖြာစမ်းသပ်ပေးတဲ့ တစ်ခါသုံး စမ်းသပ်ကိရိယာနဲ့ ဒီငှက်ဖျားရောဂါ ဆေးတွေပါ။ နောက်ပြီး ရောဂါဖြစ်ပွားပြီးနောက် အာဟာရ ချို့တဲ့တဲ့ဒဏ်ကိုလည်း အပြင်းအထန်ခံရတဲ့အတွက် အင်အားဖြစ်စေတဲ့ အစားအစာတွေလည်း လိုအပ်ပါတယ် ခင်ဗျ” လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိကာလမှာ ငှက်ဖျားရောဂါ ဖြစ်ပွားမှု များပြားနေတာကြောင့် တော်လှန်ရေး ရဲဖော်တွေအပြင် ဒေသခံတွေကိုပါ ဖျားနာမှုမရှိအောင် သတိထားနေထိုင်ဖို့ တိုက်တွန်းထားသလို ငှက်ဖျားဖြစ်ပွားသူတွေထဲ ရောဂါပြင်းထန်မှုမရှိအောင် အချိန်မီဆေးကုသမှု ပေးနေရတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိ ငှက်ဖျားရောဂါ အဖြစ်များလာရတာဟာ တောတောင် စိမ့်စမ်းအပြင် နေရာအနှံ့ပေါက်ဖွား ရှင်သန်နိုင်တဲ့ ပလပ်စမိုဒီယမ် (Plasmodium) လို့ခေါ်တဲ့ ငှက်ဖျားကပ်ပါးပိုး သယ်ဆောင်ထားတဲ့ အနောဖလိခြင် ကိုက်ခံရတာကနေ ဖြစ်ပွားတတ်တာ ဖြစ်ပါတယ်။

တော်လှန်ရေး အင်အားစုတွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ မိုးရာသီကာလမှာ ဖြစ်ပွားတဲ့ ငှက်ဖျားနဲ့ တုပ်ကွေးရောဂါတွေအတွက် ဆေးဝါးတွေအပြင် ယားနာပျောက်ဆေးတွေ လိုအပ်မှု ရှိနေတယ်လို့ သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

ငှက်ဖျားရောဂါ ဖြစ်ပွားပါက ချမ်းတုန်ဖျားတာ၊ အဖျားတက်တာ၊ ခေါင်းကိုက်တာ၊ ကြွက်သား နာကျင်တာ၊ ပျို့အန်တာ၊ မအီမသာဖြစ်တာတွေအပြင် ချွေးထွက်ပြီး မောပန်းနွမ်းနယ်တာ၊ ဝမ်း လျှောတာနဲ့ အသက်ရှူ မြန်တာတွေ ခံစားရလေ့ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ငှက်ဖျားရောဂါ ပြင်းထန်လာပါက အသားဝါတာ၊ သတိလစ်တာ၊ တက်တာ၊ ဆီးသွားရင် သွေးပါတာနဲ့ ဆီးမဲတာတွေ အပြင် အသက်ရှူရ ခက်ခဲတဲ့ လက္ခဏာတွေ ရှိတာကြောင့် ဒီကာလမှာ ဖျားနာလာပါက သတိထားဖို့ လိုအပ်တယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ငှက်ဖျားရောဂါကို အချိန်မီမကုသနိုင်ပါက ငှက်ဖျားပိုး ဦးနှောက်ထဲဝင်တာ၊ ကျောက်ကပ်ပျက်စီးတာ၊ သွေးအားနည်းတာ၊ အသည်း ပျက်စီးတာ၊ အဆုတ်မှာ ရေတွေစုပြီး မောတာ၊ ဘေလုံး ရောင်းရမ်းပြီး ကွဲထွက်တာတွေအပြင် အသက်သေဆုံးတဲ့အထိ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာတော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားနိုင်တဲ့ နယ်မြေတွေဖြစ်တဲ့ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရော၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တွေမှာတော့ ငှက်ဖျားရောဂါ အဖြစ်များနေတာကို တွေ့ရတယ်လို့ တော်လှန်ရေးအင်အားစု တာဝန်ရှိသူတွေက ပြောဆိုထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.