ဘီးလင်း၊ ဇွန်လ ၂၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တွေက လိုင်စင်မဲ့ယာဉ်စီးနင်းသူတွေကို လိုက်လံဖမ်းဆီးနေပြီး ဖမ်းမိသူတွေထဲက စစ်မှုထမ်းပို့ခံရသူ ၃၀ ထက်မနည်းရှိလာပြီလို့ ရဲစခန်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အတွင်း လိုင်စင်မဲ့ယာဉ် စီးနင်းသူ ၂၀၀ ထက်မနည်း ဖမ်း ဆီးခံရပြီး အဲဒီအထဲက လူငယ် ၃၀ ကျော်ကို သထုံ အမှတ် ၉ စစ်အခြေခံ လေ့ကျင့်ရေးတပ်ကိုပို့ဆောင်လိုက်တယ်လို့ဆိုပါတယ်။

ဖမ်းမိတဲ့သူတွေကို နေရပ်လိပ်စာ မေးပြီး မြို့ခံမဟုတ်ရင် စစ်မှုထမ်းဖို့စစ်တပ်ကို ခေါ်ပြီး ထည့်ပေးတာတွေရှိကြောင်း၊ အဖမ်းခံရတဲ့ မြို့ခံတွေကိုတော့ ထောင်ချတာ၊ ငွေယူပြီး ပြန်လွှတ်ပေးတာတွေ ရှိတဲ့အကြောင်း ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်မှုထမ်းပို့ခံရသူတွေထဲက ထက်ဝက်ကျော်က စစ်မှုထမ်းအပတ်စဉ် ၁၄ ကိုတက်ရောက်နေကြရပြီး ကျန်သူတွေက ဆက်လက်စောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

စစ်မှုထမ်းပို့ဆောင်ခံရသူတွေက ဘီးလင်းမြို့ခံတွေမဟုတ်ဘဲ မန္တလေး၊ ပဲခူးတိုင်းတွေထဲကနေ ဘီးလင်းမြို့နယ်မှာ အုတ်ဖိုလုပ်ငန်း၊ ရွှေတွင်းလုပ်ငန်း၊ ခြံလုပ်ငန်းတွေ လာရောက်လုပ်ကိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းပို့ခံရသူဟာ ဘေးတွဲဆိုင်ကယ်၊ တက္ကစီစီးနင်းချိန်မှာ စစ်ဆေးခံရပြီးနောက် ခရီးသည်အ ဖြစ်လိုက်ပါလာရင်လည်း ဖမ်းဆီးခံရပြီး စစ်မှုထမ်းပို့ခံရတာတွေ ရှိနေတာပါ။

ဘီးလင်းမှာ လိုင်စင်မဲ့ယာဉ်စီးနင်းလို့ ဖမ်းဆီးခံရသူတွေအနက် အများစုကိုတော့ ဆိုင်ကယ်၊ ဘေး တွဲ၊ ကားကိုသိမ်းယူပြီး လူကိုတော့ ငွေနဲ့ညှိနှိုင်းပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။

လိုင်စင်မဲ့ယာဉ် စီးနင်းမှုနဲ့ထောင်ဒဏ် တစ်လ ချမှတ်ခံရသူတွေလည်း အယောက် ၄၀ ထက်မနည်းရှိနေပြီး သထုံရှိ ဈေးမသွယ်အကျဉ်းထောင်ကို လွှဲပြောင်းလိုက်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.