ဘားအံ၊ ဇွန် ၂၁
ကော်သူးလေအစိုးရအဖွဲ့ ဖွဲ့စည်းတည်ဆောက်ဖို့ လုပ်ငန်းစဉ် ၈၀ ရာခိုင်နှုန်းအထက် ပြီးစီးနေပြီဖြစ်ပြီး ကော်သူးလေအစိုးရဟာ ပြည်ထောင်စုကြီးထဲမှာ အဖွဲ့ဝင်တစ်ခုအနေနဲ့ ပါဝင်သွားမှာ သေချာတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောဆိုလိုက်ပါတယ်။
ကော်သူးလေနေ့မှာ KNU ဗဟိုက ထုတ်ပြန်ထားတဲ့ ကော်သူးလေနေ့နဲ့ ကော်သူးလေဖက်ဒရယ်ယူနစ်အကြောင်း ပြောကြားချက် ရုပ်သံမှတ်တမ်းမှာ ပဒိုစောတောနီးက အဲဒီလို ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။
ကော်သူးလေအစိုးရကို တည်ဆောက်ဖို့ စိုင်းပြင်းနေပြီး လုပ်ငန်းစဉ် ၈၀ ရာခိုင်နှုန်းအထက် ပြီးစီးပြီဖြစ်ကြောင်း၊ ပြီးစီးမယ့် နေ့ရက်အတိအကျကို ပြောဆိုဖို့ ခက်နေသေးပေမယ့် ကော်သူးလေအစိုးရဟာ ပြည်ထောင်စုမှာ အဖွဲ့ဝင်တစ်ခုအနေနဲ့ ပါဝင်မယ်ဆိုတာတော့ သေချာကြောင်း ပြောသွားခဲ့တာပါ။
ကော်သူးလေအစိုးရတစ်ရပ်ကို တည်ထောင်ပြီးဆိုပါက တကယ့်လိုက်ပါလာမယ့်အချက်က အုပ် ချုပ်ရေးကို တည်တည်ငြိမ်ငြိမ် လုပ်ဆောင်နိုင်ဖို့အတွက် တကယ်အရေးပါပြီး အရေးကြီးဆုံးဒီအချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် လူငယ်တွေကိုသာ အားကိုးသွားရမှာဖြစ်တယ်လို့လည်း ပဒိုစောတောနီးက ဆိုပါတယ်။
ဒါကြောင့် ကော်သူးလေဒေသအထဲနဲ့ အပြင်ဘက်မှာရှိတဲ့ ကရင်အမျိုးသားအားလုံး အပါအဝင် သူတို့နဲ့အတူ လက်တွဲချင်တဲ့ တခြားလူတွေကိုပါ ဖိတ်ခေါ်တယ်လို့ ရုပ်သံပြောကြားချက်မှာ ထည့်သွင်း ပြောဆိုပါတယ်။
ဒါ့အပြင် လူမျိုးပေါင်းစုံရှိတဲ့နေရာတွေအားလုံး ပြည်ထောင်စုထဲမှာရှိတဲ့ လူတွေအားလုံး ဒီမိုကရေစီအခွင့်အရေးကိုရရှိဖို့အတွက် လုပ်ဆောင်သွားမယ်ဆိုတာ ကရင်အမျိုးသားတွေရဲ့ ရည်မှန်းချက်၊ နိုင်ငံရေးလှုပ်ရှားရုန်းကန်တဲ့အထဲမှာ တောက်လျှောက်ကိုင်စွဲလာတဲ့အချက်ဖြစ်တယ်လို့ ဆိုတာပါ။
အဲဒီအပေါ်မှာမူတည်ပြီး ပြည်ထောင်စုကိုတည်ဆောက်တဲ့အခါမှာ ပြည်ထောင်စုရဲ့အဖွဲ့ဝင် ကော်သူးလေအနေနဲ့ အဲဒီအချက်ကို စွဲကိုင်ထားမှာဖြစ်တယ်လို့ ပဒိုစောတောနီးက ပြောဆိုခဲ့တာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

