သီပေါ၊ ဇွန် ၃

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တစ်လအတွင်း စစ်ကောင်စီရဲ့ လက်ကျန်မိုင်းတွေကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ဇွန် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မေ ၇ ရက်နေ့က သီပေါမြို့နယ် ကုန်စုံကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၂ အရွယ် ဦးအိုက်လောဝ်ဟာ စစ်ကောင်စီရဲ့ ခလရ ၂၃ တပ်စခန်းဟောင်းအနီး ထင်းသွားခွေသွားရာမှ မိုင်းနင်းမိပြီး ညာဘက်ခြေထောက် တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ မေ ၈ ရက်နေ့ကလည်း ကွန်စံလိပ်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် ဦးအိုက်ကျော်ဟာ ခမရ ၅၀၃ တပ်စခန်းဟောင်းအနီးမှာ အပေါ့သွားချိန် မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

မေ ၁၅ ရက်နေ့မှာလည်း မူဆယ်မြို့နယ် မိုင်းယု ၁၀၅ တုန့်ခန်ကျေးရွာမှာ နေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ဦးမန်ဘဟာဒူးဟာ နွားကျောင်းနေချိန်အတွင်း အနားယူချိန် မိုင်းကိုဖိမိပြီး ပေါက်ကွဲကာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။

မေ ၂၄ ရက်နေ့ကလည်း မိုးကုတ်မြို့နယ်မှာ အသက် ၂၅ နှစ်အရွယ် မိုင်းအောင်အောင်ဟာစစ်ကောင်စီရဲ့ မိုးကုတ်ဗျူဟာ လက်အောက်ခံတပ်ရင်း ၁၄၈ တပ်စခန်းဟောင်း ၅ မိုင်ဂိတ်ရှေ့မှာ မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မေ ၂၉ ရက်နေ့ကလည်း နမ့်ခမ်းမြို့နယ် ကောင်းဝိုင်းကျေးရွာမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ မီးသွေးသွားကြည့်ချိန် ဟိုပေါ်အထက်ကျေးရွာအနီးမှာ မိုင်းတစ်လုံးကို နင်းမိပြီး ညာခြေထောက်တစ်ဖက်ဆုံးရှုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပြီးခဲ့သည့် ဧပြီလကလည်း စစ်‌ကောင်စီရဲ့ စွန့်လွှတ်မိုင်းကြောင့် ပြည်သူလူထု ၁ ဦး သေဆုံးပြီး ကလေးအပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ထံက သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – TNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.