မော်လမြိုင်၊ ဇွန် ၃

မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးမှုကြောင့် ကူညီကယ် ဆယ်ရေးအသင်းအများစု လူနာမပို့ဆောင်ရဲတော့ဘဲ ယာယီရပ်နားတော့မယ့်အကြောင်း ကြေညာမှုတွေ ရှိလာပါတယ်။

စစ်ကောင်စီဟာ ဇွန် ၁ ရက်နေ့ကစပြီး မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို အင် အားအလုံးအရင်းနဲ့ လိုက်လံဖမ်းဆီးပြီး သိမ်းဆည်းအရေးယူမှုတွေ လုပ်ဆောင်နေတာပါ။

ကရင်ပြည်နယ်မှာတော့ လိုင်စင်မရှိတဲ့ လူမှုကူညီရေးအသင်းကားတွေကိုပါ ဖမ်းဆီးသိမ်းဆည်းနေတဲ့အတွက်ကြောင့် လူမှုကူညီရေးအသင်းတော်တော်များဟာ ဘားအံကို လူနာမပို့ရဲတော့ဘဲ လတ် တလောမှာ ရပ်နားသွားမယ့်အကြောင်း အသိပေးတာတွေ ရှိနေတာပါ။

အထူးသဖြင့် လှိုင်းဘွဲမြို့နယ်အတွင်းက ကျေးရွာတွေအားလုံးနီးပါးနဲ့ ဘားအံမြို့နယ် ကျေးရွာတွေမှာရှိနေတဲ့ လူမှုကူညီရေးအသင်းအားလုံးနီးပါးရဲ့ ကားတော်တော်များဟာ အခုလတ်တလောမှာ လူနာမပို့ဆောင်တော့ဘဲ ယာယီရပ်နားထားတော့မယ့်အကြောင်း အသိပေးခဲ့ပါတယ်။

အမည်မဖော်လိုတဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကြောင့် ပြည်သူတွေအပေါ် ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ ကဏ္ဍတစ်ခုလုံး ထိခိုက်မှု ကြီးမားလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်သူတွေ တော်တော် ဒုက္ခရောက်ကြမှာပေါ့။ ဒီမှာက အရေးပေါ်လူနာတွေက အချိန်ပြည့် ရှိနေတယ်။ ထိခိုက်လူနာရှိမယ်။ သက်ကြီးရွယ်အိုတွေ ကျန်းမာရေး မကောင်းတဲ့သူတွေ မိုးရာသီဆိုရင် ကလေးတွေ တုပ်ကွေးရာသီဆိုရင် ပရဟိတကားတွေ မရှိဘူးဆိုရင် ပြည်သူတွေပဲ ဒုက္ခရောက်မှာပေါ့” လို့ ဆိုပါတယ်။

ကရင်ပြည်နယ် စစ်ကောင်စီက လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုကြောင့် လူမှုကယ်ဆယ်ရေးကားတွေ လူ နာမပို့ရဲတော့ဘဲ ရပ်နားထားရတဲ့အတွက် အထူးသဖြင့် ဘားအံနဲ့လှိုင်းဘွဲမြို့နယ်ထဲက ကျေးလက်ဒေသထဲမှာရှိနေတဲ့ အရေးပေါ်လူနာတွေအတွက် သွားလာရေးမှာ ပိုမိုပြီး ဆိုးဆိုးရွားရွား ဒုက္ခကြုံရနိုင်တယ်လို့ ဘားအံမြို့ခံတွေက ပြောကြပါတယ်။

အမည်မဖော်လိုတဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတစ်ဦးကလည်း မွန်ပြည်နယ်မှာလည်း စစ်ကောင်စီရဲ့ လိုင်စင်မဲ့ယာဉ် ဖမ်းဆီးမှုကြောင့် လူမှုကယ်ဆယ်ရေးအသင်း အများစု လုပ်ငန်းရပ်နားလာကြတယ်လို့ ပြောပါတယ်။

“အခုက ပရဟိတအသင်းကားတွေကိုလည်း ဖမ်းပြီးသိမ်းတယ်။ လူက သွင်းကုန်ထုတ်ကုန် အဲဒီ ဥပ‌ဒေနဲ့ တရားစွဲခံရတယ်။ ကျွန်တော်တို့ ဒုက္ခရောက်ရင် ပြည်သူတွေ ဒုက္ခရောက်မှာလေ။ ကျွန် တော်တို့အသင်း Page တွေမှာ ကြေညာတယ်လေ၊ တော်တော်များများက ယာယီခဏ နားတယ်ဆိုတဲ့အကြောင်း ဒုက္ခရောက်တာကတော့ တော်တော်လေးကို ဒုက္ခရောက်တာပေါ့” လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးတဲ့နေရာမှာ ပြည်သူအသက်ကို ကူညီနေတဲ့ ပရဟိတအဖွဲ့တွေရဲ့ ကားတွေကို လျှော့ပေါ့ပေးသင့်သလို မလျှော့ပေါ့ ပေးနိုင်ပါက ပရဟိတ အဖွဲ့တွေ ကူညီတဲ့အတိုင်း ပြည်သူတွေကို ကူညီနိုင်အောင် လုပ်ဆောင်ထားသင့်တယ်လို့ သူက ဆက်ပြောပါတယ်။

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေ အများစုဟာ လိုင်စင်မဲ့ယာဉ်တွေကိုသာ မှီခိုအားထား အသုံးပြုနေရတာဖြစ်ပြီး ကျန်း မာရေး ပညာရေး လူမှုရေး စီးပွားရေးစတဲ့ ကဏ္ဍတွေအားလုံးမှာ လိုင်စင်မဲ့ယာဉ်တွေအပေါ် အဓိကအားထား အသုံးပြုနေရတာဖြစ်ပါတယ်။

လိုင်စင်မဲ့ယာဉ်တွေကို ဖမ်းဆီးပြီး သိမ်းဆည်းနေပေမယ့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ BGF KNU/KNLA PC DKBA အဖွဲ့အစည်းတွေရဲ့ လိုင်စင်မဲ့ကားတွေကိုတော့ စစ်ကောင်စီက ဖမ်းဆီးခြင်းမပြုဘဲ မသိကျိုးကျွံပြုနေတာရှိတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.