ထားဝယ်၊ ဇွန် ၃

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် စော်ဝကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျောင်းထိုင်ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဇွန် ၁ ရက်နေ့ ည ၃ နာရီအချိန်ခန့်မှာ ထားဝယ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ် ခတ်ရာကနေ စော်ဝကျေးရွာရှိ သစ်ဆိမ့်ပင်ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် သက်တော် ၆၆ နှစ်အရွယ် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသဟာ ဦးခေါင်းလက်နက်ကြီးစထိမှန်ပြီး ပျံလွန်တော်မူသွားခဲ့တာ ဖြစ်ပါတယ်။

အဲဒီနေ့မှာပဲ ထားဝယ်မြို့နယ် ရွှေဂူတံတားအနီး ပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၃၀ အရွယ်အမျိုးသား တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုဟာ ရွှေဂူတံတားစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကို လက်နက်ကြီး ပစ်ကူပေးရာကနေ ဘုန်းကြီးအပါအဝင် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ရွှေဂူတံတားတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီအပြင် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း လက်ရှိအချိန်အထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.