နေပြည်တော် ၊ ဇွန် ၃

ရွေးကောက်ပွဲကို အခုနှစ်အတွင်း မဖြစ်မနေကျင်းပနိုင်ရေး ပြင်ဆင်နေပြီး ဒေသအလိုက် တည်ငြိမ်မှုရှိဖို့ လိုအပ်တဲ့အတွက် ဇွန်လကုန်အထိ အပစ်ရပ်သက်တမ်းတိုးမြှင့်လိုက်တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီက တည်ငြိမ်ရေးကိုရှေးရှုပြီး ယာယီအပစ်ခတ်ရပ်စဲရေးကာလကို လေးကြိမ်မြောက်အဖြစ် ဇွန် ၁ ရက်ကနေ ၃၀ ရက်နေ့အထိ ထပ်မံတိုးမြှင့်လိုက်တာပါ။

ငလျင်သင့်ဒေသတွေမှာ ပြန်လည်တည်ဆောက်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းတွေ ဆက်လုပ်နိုင်ရေး၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ နိုင်ငံနဲ့ နိုင်ငံသားအားလုံးရဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရေးနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်စေဖို့ အကြောင်းပြထားပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးတိုက်ပွဲတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပချိန်မှာ တစ်နိုင်ငံလုံးရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံး မဲပေးနိုင်ရေး ဒေသအလိုက် တည် ငြိမ်အေးချမ်းဖို့ လိုတယ်လို့ ဆိုပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က ဆုံးရှုံးနယ်မြေတွေအားလုံးကို ပြန်ယူဖို့ အနေအထားမရှိတာကြောင့် အပစ်ရပ် ကြေညာရုံနဲ့ တစ်နိုင်ငံလုံးမှာ ရွေးကောက်ပွဲဖြစ်လာနိုင်စရာအကြောင်းမရှိဘူးလို့ သုံးသပ်ပါတယ်။

“သူတို့ပြောနေတဲ့ ရွေးကောက်ပွဲဆိုတာ တကယ်တမ်းလုပ်ဖြစ်မယ်ဆိုရင်လည်း ဟန်ပြရွေးကောက် ပွဲပဲ။ ပြီးရင်သူတို့အနေနဲ့ အပစ်ခတ်ရပ်စဲနေရုံနဲ့ မရဘူး၊ တစ်နိုင်ငံလုံး သူတို့ စစ်တပ်လက်ထဲကို ပြန်ရောက်သွားရင်တော့ ရွေးကောက်ပွဲ ဖြစ်နိုင်တယ်။ တစ်နိုင်ငံလုံး စစ်တပ်လက်ထဲပြန်ရောက်ဖို့ဆိုတာ သူတို့ နောက် ၅/၆ နှစ်အတွင်းမှာ ကြိုးစားလည်း စစ်ကောင်စီအဖို့က ဆုံးရှုံးပြီးသား နယ်မြေကို ပြန်တိုက်ယူနိုင်တဲ့ အနေအထားမရှိဘူးလို့ ပြောရမှာဖြစ်တယ်။ ဒါကြောင့် အပစ်ခတ်ရပ်ရုံနဲ့တော့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ပဲ ပြောရမှာဖြစ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။

ဒီဇင်ဘာတတိယအပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယအပတ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး လုံခြုံရေးအခြေအနေအရ ကျင်းပနိုင်မယ့် မဲဆန္ဒနယ်မြေတွေကို မသတ်မှတ်ရသေးပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတွေရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်း စစ်ရေးပဋိပက္ခဖြစ်စဉ်တွေ မရှိသေးတဲ့ မြို့နယ်အရေအတွက်ဟာ ၉၀ သာ ကျန်ရှိတော့တာပါ။

စစ်ရေးအကဲခတ်တွေကတော့ နယ်မြေများစွာ ဆုံးရှုံးထားတဲ့ ရှမ်းမြောက်မှာ ရွေးကောက်ပွဲကျင်းပဖို့ တရုတ်အစိုးရကနေတဆင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးလာနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ပြီး ရခိုင်ပြည်နယ်အပါအဝင် ကချင်၊ချင်းနဲ့ ကရင်နီက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာတော့ ရွေးကောက်ပွဲလုပ်နိုင်မှာ မဟုတ်ဘူးလို့ ထောက်ပြပါတယ်။

တစ်ဘက်မှာ မန္တလေးတိုင်း၊မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းဘက်ကို စစ်ကောင်စီက မြို့ ပေါ်တွေလောက်သာ နယ်မြေစိုးမိုးမှုရှိနိုင်ပေမယ့် ကျေးလက်ဒေသတွေမှာ‌တော့ စစ်ရေးပဋိပက္ခ ဖြစ်ပွားနေတာပါ။

အညာဒေသမှာလည်း စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေ အများအပြားရှိနေပြီး မိုးမကျခင်ကာလ ရိက္ခာယာဉ်တန်းတွေ တောက်လျှောက် သွားလာလှုပ်ရှားမှု မပြတ်တဲ့အနေအထားလို့ စစ်ရေးအကဲ ခတ်တွေက ဆိုပါတယ်။

CDM ဗိုလ်ကြီး ကောင်းသူဝင်းက အပစ်ခတ်ရပ်စဲပေမယ့် မြေပြင်မှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကို လျှော့ချတာမရှိတဲ့အတွက် စစ်ကောင်စီက ဆက်ပြီး ထိုးစစ်ဆင်မယ့် အနေအထားလို့ သုံးသပ်ပါတယ်။

“အပစ်ခတ်ရပ်စဲရေးဆိုတာက စာရွက်ပေါ်မှာသာဖြစ်ပြီး မြေပြင်မှာတော့ထိုးစစ်ကို အစဉ်အမြဲတိုင်း ဆင်နေတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒီလိုမျိုး နောက်ထပ်စတုတ္ထအကြိမ်ပြီးရင်တောင် နောက် ထပ် ဒီလိုမျိုးတွေ ထပ်လာပြီဆိုရင်လည်း အပစ်ခတ်ရပ်စဲရေးဆိုတာ လုံးဝမယုံကြည်ရတဲ့ အပစ် ခတ်ရပ်စဲရေးမျိုးဖြစ်ပြီး မြေပြင်မှာထပ်ပြီး သူတို့က (စကစ) ဆက်ပြီး ထိုးစစ်ဆင်မယ့် အနေအ ထားမျိုး အမြဲရှိနေမှာပါ” လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စာရင်းတွေအရ စစ်ကောင်စီရဲ့ အပစ်ရပ်ကြေညာချက် နှစ်ကြိမ်အတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၃၀၀ နီးပါး သေဆုံးခဲ့ပြီး ၄၅၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အပစ်ရပ်ကာလအတွင်း EAO တွေအပါအဝင် လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်စခန်းတွေ တပ်ဌာနချုပ်တွေကို တိုက်ခိုက်တာ အင်အားစု‌ဆောင်းတာ နယ်မြေချဲ့ထွင်တာတွေလုပ်ရင် လိုအပ်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက အသိပေးထားတာပါ။

လေ့လာသူတွေကတော့ ရွေးကောက်ပွဲအကြောင်းပြချက်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်တဲ့အဖွဲ့အစည်းတွေကို မြင်သာအောင် စစ်ကောင်စီက ဟန်ပြသက်သက်နဲ့ အပစ်ခတ်ရပ်စဲတာလို့ ဝေဖန်ပါတယ်။

လောလောဆယ်မှာ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နေသလို ရခိုင်မှာလည်း AA က ကျောက်ဖြူမြို့နယ်အတွင်းရှိ တပ်စခန်းတွေကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သက်ဆိုင်သူတွေအနေနဲ့ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားခြင်းအပေါ် အလေးထားစဉ်းစားပြီး လိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.