ဘားအံ၊ ဇွန် ၂
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပြီး နိုင်ငံတကာအနေနဲ့ စစ်ကောင်စီကို လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ ကော်သူးလေ အမျိုးသမီးများ နှီးနှောဖလယ်ပွဲကနေ ဇွန် ၁ ရက်နေ့က ထုတ်ပြန်ကြေညာပြီး တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီဟာ စစ်ရာဇဝတ်မှုတွေနဲ့ နိုင်ငံတကာဥပဒေကို ချိုးဖောက်တာဖြစ်တဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ လိုအပ်တဲ့အရေးယူဆောင်ရွက်မှုလုပ်ဆောင်ဖို့ ၊ စစ်ကောင်စီကို ထောက်ခံနေသူတွေအားလုံး ထောက်ခံမှုကို ချက်ချင်းရပ်တန့်ဖို့ တောင်းဆိုတိုက်တွန်းထားတယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။

ကော်သူးလေ အမျိုးသမီးများ နှီးနှောဖလယ်ပွဲကို ပြီးခဲ့တဲ့ မေ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ကော်သူးလေနယ်စပ်တစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့ပြီး နှီးနှောဖလှယ်ပွဲကို ကရင်အမျိုးသားအစည်းအရုံး KNU ၊ နေရာဒေသအသီးသီးက ကရင်အရပ်ဖက်အဖွဲ့အစည်းတွေ၊ တစ်သီးပုဂ္ဂလပညာရှင်တွေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုမှာ ဦးဆောင်နေတဲ့ အရေးပါတဲ့ခေါင်းဆောင်တွေအပါအဝင် ကိုယ်စားလှယ်စုစုပေါင်း ၁၄၀ ကျော် တက်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

နှီးနှောဖလှယ်ပွဲမှာ မြန်မာတစ်ပြည်လုံးရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဒေသအသီသီးရှိ နိုင်ငံရေးဖြစ်စဉ်တွေအပေါ် သုံးသပ်ဆွေးနွေးမှုနဲ့ စတင်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကလည်း ကော်သူးလေအစိုးရတည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အစီအစဉ် လုပ်ဆောင်နေဆဲအခြေအနေတွေကို ဝေမျှပေးခဲ့တယ်လို့ ဆိုထားပါတယ်။
ဒီနှီးနှောဖလှယ်ပွဲအပြီး ထုတ်ပြန်ကြေညာချက်တွေထဲမှာတော့ မတူကွဲပြားတဲ့ လူမှုပတ်ဝန်းကျင်အသီးသီးကနေ အမျိုးသမီးတွေရဲ့ပါဝင်မှု၊ စည်းလုံးမှု၊ ခေါင်းဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းရေး ကော်သူးလေအမျိုးသမီးများကွန်ရက် ဖွဲ့စည်းတည်ထောင်ဖို့ သဘောတူညီချက် ရရှိခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေနဲ့ နိုင်ငံတွင်းနေရပ်စွန့်ခွာသူတွေအတွက် လိုအပ်လျက်ရှိတဲ့ အစားအစာ၊ အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ အကာအကွယ်ရှိမှုတွေ အပါအဝင် အရေးပေါ်အကူအညီတွေ ပေးအပ်စေရေး အဓိကပါဝင်ပတ်သက်နေသူတွေကို တိုက်တွန်းဖို့လိုတယ်လို့ ဆိုပါတယ်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်မှာရှိ ဒုက္ခသည်စခန်းမှာ နေထိုင်ကြသူတွေရဲ့ ကျွမ်းကျင်မှုနဲ့ အတတ်ပညာကို အသိအမှတ်ပြုပြီး ဒုက္ခသည်စခန်းပြင်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပေးခြင်းဖြင့် ထိုင်းလူမှုအဖွဲ့အစည်းနဲ့ စီးပွားရေးနယ်ပယ်ကို အဓိပ္ပါယ်ရှိစွာ အထောက်အကူဖြစ်စေနိုင်ရေး ထိုင်းအစိုးရကို တောင်းဆိုဖို့ ပါရှိပါတယ်။
လာမယ့် ၁၈ ကြိမ်မြောက် KNU ညီလာခံကွန်ဂရက်မှာ ဌာနဆိုင်ရာတွေ၊ ခရိုင်၊ စစ်ဖက်နဲ့ အရပ်ဖက်အသီးသီးက အမျိုးသမီးညီလာခံကိုယ်စားလှယ် ၃၀ ရာခိုင်နှုန်း အနည်းဆုံးပါဝင်ရန်အတွက် နှီးနှောဖလှယ်ပွဲကနေတစ်ဆင့် တောင်းဆိုတိုက်တွန်းလိုက်တယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media